တာချီလိတ် မြို့မ(ဝမ်ကောင်း)ဈေး၏ ဈေးရုံကြီးမှ ဆိုင်ခန်းများ ဒီဇင်ဘာလကစ၍ လုံခြုံရေးကြေးနှင့် သန့်ရှင်းရေးကြေး ပေးဆောင်ရန် မလိုတော့

တာချီလိတ် မြို့မ(ဝမ်ကောင်း)ဈေး၏ ဈေးရုံကြီးမှ ဆိုင်ခန်းများ ဒီဇင်ဘာလကစ၍ လုံခြုံရေးကြေးနှင့် သန့်ရှင်းရေးကြေး ပေးဆောင်ရန် မလိုတော့
နိုဝင်ဘာ 22, 2020
By Tachileik News Agency

 

တာချီလိတ် မြို့မ(ဝမ်ကောင်း)ဈေး၏ ဈေးရုံကြီးမှ ဆိုင်ခန်းများ ဒီဇင်ဘာလကစ၍ လုံခြုံရေးကြေးနှင့် သန့်ရှင်းရေးကြေး ပေးဆောင်ရန် မလိုတော့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ စည်ပင်သာယာရေးဌာနပိုင်ဈေးဖြစ်သည့် မြို့မ(ဝမ်ကောင်း)ဈေးတွင် လိုင်စင်စီ ကုမ္ပဏီက ကောက်ယူနေသည့် လုံခြုံရေးနှင့် သန့်ရှင်းရေးကြေးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ကောက်ယူတော့မည် မဟုတ်ကြောင်း သိရသည်။
"ဒီလကုန်အထိတော့ စည်ပင်သာယာရေးဌာနက တာဝန်ယူမယ့်အပိုင်းက မပြည့်စုံသေးဘူး။ ဆက်လက်ပြီးတော့ တာဝန်ယူရဦးမယ်။ အဲဒီတစ်လအတွင်း ကျွန်တော်တို့က တာဝန်ယူလိုက်တဲ့အတွက် ကုန်ကျစရိတ်ရှိမယ်။ အဲဒီအတွက် ဒီလကုန်ထိတော့ ကောက်ယူမယ်။ နောက်လကစပြီး ကျွန်တော်တို့က မကောက်တော့ဘူး။  တာဝန်ယူတဲ့အပိုင်းပဲ ဆက်လုပ်သွားတော့မယ်။ "ဟု မြို့မ(ဝမ်ကောင်း)ဈေးတွင် ဈေးလုပ်ငန်းများကို လိုင်စင်ရထားသည့် မင်းခေတ်သစ်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းဝန်းပန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြို့မ(ဝမ်ကောင်း)ဈေးအတွင်း ဈေးဆိုင်ခန်းအားလုံးက ဈေးသန့်ရှင်းရေးခနှင့် လုံခြုံရေးခအတွက် လစဉ် တစ်လလျှင် ဘတ် (၁၀၀)စီ ပေးဆောင်နေရခြင်းနှင့်ပတ်သက်၍  ဈေးသူဈေးသားများကိုယ်စား ဈေးအကျိုးတော်ဆောင် ဒေါ်ဂျာချင်းတာက  စည်ပင်သာယာရေးဌာန၊ ဈေးအကျိုးတော်ဆောင်အဖွဲ့နှင့် လိုင်စင်စီတို့ တွေ့ဆုံခဲ့သည့်  နိုဝင်ဘာလ (၁၉)ရက်နေ့၏ ဆွေးနွေးပွဲတွင် တင်ပြခဲ့ရာ နိုဝင်ဘာလကုန်မှစ၍ ဈေးတွင်း လုံခြုံရေးနှင့် ဆိုင်ခန်းများ သန့်ရှင်းရေးအတွက် စည်ပင်သာယာရေးဌာနက တာဝန်ယူမည်ဖြစ်၍ အခကြေးငွေပေးဆောင်ရန်မလိုကြောင်း စည်ပင်သာယာရေးဌာနက ဖြေကြားခဲ့ခြင်းဖြစ်သည်။
"သန့်ရှင်းရေးနဲ့ လုံခြုံရေးအပိုင်းကို အရင်က မင်းခေတ်သစ်ကုမ္ပဏီက လုပ်ငန်းလိုင်စင်ရအဖွဲ့က တာဝန်ယူခဲ့တယ်။ ဒါက ရေရှည်မှာ အဆင်မပြေဘူး။ ဒါကြောင့် စည်ပင်သာယာရေးဌာနအပိုင်းအနေနဲ့ ဈေးညစောင့်နဲ့ ဆိုင်ခန်းတွေ သန့်ရှင်းရေးကို တာဝန်ယူသွားပါမယ်။ လိုင်စင်ရလုပ်ငန်းက လိုင်စင်ဧရိယာမှာ သတ်မှတ်ကောက်ခံခွင့်ရှိတဲ့ဧရိယာမှာ ကောက်ခံခွင့်ရှိတယ်။ ဈေးရုံကြီးတွင်းက ဆိုင်ခန်းတွေကိုတော့ ကျွန်တော်တို့စည်ပင်သာယာရေးဌာနက ဆောင်ရွက်မှာပေါ့။"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စည်ပင်သာယာဌာနပိုင်ဈေးဖြစ်သည့် ဝမ်ကောင်းဈေး (မြို့မဈေး) အား အဆင့်မြင့်ဈေးအဖြစ် မင်းခေတ်သစ်ကုမ္ပဏီက ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစာချုပ်အရ ဈေးအတွင်း ပျံကျဈေးဧရိယာ၊ သားငါးဈေးတန်းဧရိယာ၊ ဈေးအိမ်သာများ၏ သန့်ရှင်းရေးလုပ်ငန်းများကို အဆိုပါကုမ္ပဏီက လိုင်စင်စီအဖြစ် စည်ပင်သာယာရေးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သော်လည်း ဈေးတစ်ခုလုံး၏ သန့်ရှင်းရေးနှင့် လုံခြုံရေးအတွက် ဆောင်ရွက်ပေးနေခဲ့သဖြင့် ယခင်က ငွေကြေးကောက်ခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
"အဲဒီအမှိုက်ရှင်းနဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ခေတ်အဆက်ဆက်လုပ်လာတဲ့လူကြီးတွေက ကျွန်တော်တို့ကို အမှိုက်သန့်ရှင်းရေးလုပ်ပါ။ လုံခြုံရေးတာဝန်ယူပါ။ ပြီးတော့ ကောက်ခံပါလို့ ပြောခဲ့တယ်။ အဲဒီနှစ်ပိုင်းလုံးကို တာဝန်ယူခဲ့ပါတယ်။ အခု အစည်းအဝေးလုပ်ပြီးတော့မှ သူတို့က (စည်ပင်သာယာရေးဌာန)က ဘယ်အပိုင်းပါတယ်။ ကျွန်တော်တို့က ဘယ်အပိုင်းပါတယ်။ အဲဒီနှစ်ခုကို ပေါင်းပြီးတော့မှ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ သိပြီးတော့မှ ဈေးကော်မတီ (ဈေးအကျိုးတော်ဆောင်အဖွဲ့)ကိုရော၊ ဈေးသူဈေးသားတွေကိုရော ချပြမှာပါ"ဟု မင်းခေတ်သစ်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းဝန်းပန်က ပြောသည်။
မြို့မ(ဝမ်ကောင်း)ဈေး ဈေးရုံကြီးမှ ဆိုင်ခန်းများ၏ သန့်ရှင်းရေးကိစ္စများကို စည်ပင်သာယာရေးဌာနက နိုဝင်ဘာလ (၂၀)ရက်နေ့ကစ၍ စတင် တာဝန်ယူနေပြီဖြစ်၍ ဈေးရုံကြီးမှ ဆိုင်ခန်းများအနေဖြင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ပုံမှန်လစဉ်ပေးဆောင်နေရသည့် လုံခြုံရေးနှင့် သန့်ရှင်းရေးကြေး ဘတ် (၁၀၀)ကို ပေးဆောင်ရန် မလိုတော့ကြောင်း သိရသည်။

 Tachileik News Agency

သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~