၂၀၂၀ ရွေးကောက်ပွဲတွင် မမှန်ကန် မမျှတသည့် ကိစ္စများရှိခဲ့သည်ဟုဆိုကာ လူ(၂၀)ကျော်က ဆန္ဒဖော်ထုတ်

၂၀၂၀ ရွေးကောက်ပွဲတွင် မမှန်ကန် မမျှတသည့် ကိစ္စများရှိခဲ့သည်ဟုဆိုကာ လူ(၂၀)ကျော်က ဆန္ဒဖော်ထုတ်
နိုဝင်ဘာ 23, 2020
By Tachileik News Agency

 

၂၀၂၀ ရွေးကောက်ပွဲတွင် မမှန်ကန် မမျှတသည့် ကိစ္စများရှိခဲ့သည်ဟုဆိုကာ လူ(၂၀)ကျော်က  ဆန္ဒဖော်ထုတ် 
၂၀၂၀ရွေးကောက်ပွဲသည် မမှန်ကန် မမျှတသည့် ကိစ္စများရှိခဲ့သည်ဟုဆိုကာ လူ(၂၀)ကျော်က  ဆန္ဒဖော်ထုတ် ဟောပြောပွဲ တစ်ရပ်ကို မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ်၊  ကျောင်းရွာရပ်၊ မင်းဘူး-စကု ကားလမ်းဘေးရှိ ကိုးနဝင်းဘုရားရှေ့၌ နိုဝင်ဘာ (၂၃)ရက် နံနက်ပိုင်းက  ပြုလုပ်ခဲ့ကြောင်း သိရသည်။    
“အခုလိုလုပ်ရတာက ကျွန်မတစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ဘဲ ပါတီအားလုံးကိုယ်စား၊ မင်းဘူး/စကုမြို့နယ်ထဲက မိဘပြည်သူများရဲ့ ရင်ထဲက ရှိတဲ့ဆန္ဒကို ကိုယ်စားပြုဖော်ထုတ်ပေးတဲ့အနေနဲ့  မြို့နယ်ရဲတပ်ဖွဲ့မှာ အသိပေးတင်ပြပြီး လုပ်ရတာဖြစ်ပါတယ်။  ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေ ကိစ္စမမျှတဘူးဆိုတဲ့အသံတွေထွက်နေပါတယ်။ သေတဲ့သူတွေ မဲစာရင်းမှာပါနေတာတွေ၊ အသက်မ ပြည့်သေးတဲ့ကလေးတွေပါနေတာတွေ၊ မဲဆန္ဒရှင်တစ်ဦးထဲက နှစ်ခါ သုံးခါ မဲလာပေးတာမျိုးတွေ၊ အဲလိုမျိုး မမှန်ကန် မမျှတတဲ့ကိစ္စတွေရှိခဲ့တာကြောင့် အခုလို ပြည်သူတွေရဲ့ရင်ထဲက ဆန္ဒကို ကိုယ်စားပြု ဖော်ထုတ်ဟောပြောရတာဖြစ်ပါတယ်”ဟု ဟောပြောပွဲ ဦးဆောင်သူ ဒေါ်ခင်ချောဖြူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဟောပြောပွဲအား မင်းဘူးမြို့ ထောက်ရှာပင်ကျေးရွာအုပ်စု ရွှေရောင်တော်ကျေးရွာနေ ဒေါ်ခင်ချောဖြူနှင့် မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်၊ ရွှေဝါကုန်းရပ်နေ ဦးခင်လှိုင်တို့က  ဦးဆောင်၍ ဥပဒေနှင့် မညီသောရွေးကောက်ပွဲရလဒ်အား ကန့်ကွက်ခြင်းနှင့် ကြိုတင်မဲများ မဲဆန္ဒရှင်စာရင်းများ စစ်ဆေးပေးရေးတို့ အတွက် ဟောပြောခဲ့ကြသည်။     
နောက်ခံအဖြူရောင်တွင် အစိမ်းရောင်စာလုံးဖြင့် “လူထုဆန္ဒ ဖော်ထုတ်ကြ” စာတန်းပါ ဗီနိုင်းဆိုင်းဘုတ် တစ်ခုကို စိုက်ထူ၍ လူအင်အား (၂၇)ဦးခန့်ဖြင့် ကိုးနဝင်းဘုရားရှေ့သို့ရောက်ရှိလာကြကာ ဒေါ်ခင်ချောဖြူ ဟောပြောသည်။

ဆက်လက်၍ ဦးခင်လှိုင်က ဦးဆောင်ပြီး  “ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလဒ် - အလိုမရှိ၊ ကိုဗစ်ငွေကြေး မဲဆွယ်ပေး - အလိုမရှိ၊ ငွေကြေးဖြင့် မဲဆွယ်စည်းရုံးမှု - အလိုမရှိ၊ မဲခိုးမှုများစစ်ဆေးပေး ရေး - ဒို့အရေး၊ မဲဆန္ဒရှင်စာရင်းများ စစ်ဆေးပေးရေး - ဒို့အရေး၊ ကြိုတင်မဲများစစ်ဆေးပေးရေး - ဒို့အရေး၊ တရားမျှတသောရွေးကောက်ပွဲဖြစ်မြောက်ရေး - ဒို့အရေး စသည့် ကြွေးကြော်သံ(၇)ချက်ကို ကြွေးကြော်၍ ဆန္ဒဖော်ထုတ်ဟောပြောပွဲအား ရုတ်သိမ်းသွားကြောင်း သိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ဟောပြောမှုနှင့်ပတ်သက်၍ မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးမြင့်ကျော်က ဒီမိုကရေစီသဘောအရ လူနည်းစုက ဆန္ဒထုတ်ဖော်တာ သာဖြစ်ပြီး လူများစုက တရားနည်းလမ်းကျတဲ့ရွေးကောက်ပွဲတွင် ဆန္ဒထုတ်ဖော်ပြီးသွားပြီ ဖြစ်ကြောင်း၊ ဒီမိုကရေစီဆိုသည်မှာလည်း လူအများစုရဲ့ဆန္ဒသဘောထားကိုသာ အဓိကထားကြောင်းဖြင့် သုံးသပ်ပြောကြားသည်။
  Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~