မဲရုံတာဝန်ကျ ကော်မရှင်အဖွဲ့ဝင်တစ်ဦးတွင် Covid-19 ပိုးတွေ့၍ မကွေးမြို့နယ်အတွင်းရှိ မြင်းကင်းကျေးရွာကို အသွားအလာ ကန့်သတ်

မဲရုံတာဝန်ကျ ကော်မရှင်အဖွဲ့ဝင်တစ်ဦးတွင် Covid-19 ပိုးတွေ့၍ မကွေးမြို့နယ်အတွင်းရှိ မြင်းကင်းကျေးရွာကို အသွားအလာ ကန့်သတ်
နိုဝင်ဘာ 12, 2020
By Tachileik News Agency
မဲရုံတာဝန်ကျ ကော်မရှင်အဖွဲ့ဝင်တစ်ဦးတွင် Covid-19 ပိုးတွေ့၍ မကွေးမြို့နယ်အတွင်းရှိ မြင်းကင်းကျေးရွာကို အသွားအလာ ကန့်သတ်
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် မယ်လှတောင် မြင်းကင်းကျေးရွာမဲရုံတွင် မဲရုံတာဝန်ကျသည့် ကော်မရှင်အဖွဲ့ဝင်(၁)ဦး၌ နိုဝင်ဘာ (၁၁)ရက်နေ့ ညနေပိုင်းက COVID-19 ရောဂါပိုး တွေရှိ၍ မြင်းကင်းကျေးရွာအား   နိုဝင်ဘာ(၁၁)ရက် ည(၈)နာရီအချိန်မှစ၍ အသွားအလာ ကန့်သတ်သည့်နေရာအဖြစ် သတ်မှတ်လိုက် ကြောင်း သိရသည်။
“မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ဝန်ကြီးရုံးရဲ့ မေလ(၁၉)ရက် ရက်စွဲပါ အမိန့်အမှတ် ၅၄/၂၀၂၀ အရ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၄ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ည (၈)နာရီအချိန်ကစပြီး မြင်းကင်းကျေးရွာကို အသွားအလာကန့်သတ်တဲ့နေရာအဖြစ် သတ်မှတ်လိုက်ပါပြီ” ဟု မကွေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ(၁၁)ရက်နေ့ ညပိုင်းက ပြောသည်။
ကျေးရွာအား အသွားအလာကန့်သတ်လိုက်သဖြင့် အဆိုပါကျေးရွာတွင်နေထိုင်သူများ အပြင်သို့သွား လာခြင်းမပြုရန်၊ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရန်ဖြစ်စေ၊ အရေးပေါ်ကျန်းမာရေးကိစ္စ ပေါ်ပေါက်လျှင်ဖြစ်စေ တာဝန်ရှိသူများနှင့်ဆက်သွယ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းတွင် နိုဝင်ဘာလ(၁၁)ရက် ညနေပိုင်းထုတ်ပြန်ချက်အရ သရက်မြို့နယ်မှ (၂)ဦး၊ မြိုင်မြို့ နယ်မှ (၁)ဦး၊ ဂန့်ဂေါမြို့နယ်မှ(၁)ဦး၊ မကွေးမြို့နယ်မှ (၁)ဦး COVID-19 အတည်ပြုလူနာ ထပ်တိုး တွေ့ရှိကြောင်း သိရပြီး သရက်မြို့နယ်မှ ပိုးတွေ့ရှိသူ(၂)ဦးမှာ သရက်ခရိုင်ပြည်သူ့ဆေးရုံ Isolation ward တွင် တာဝန်ထမ်းဆောင်နေသော သူနာပြု နှင့် အငယ်တန်းဝန်ထမ်းတို့ဖြစ်ကြောင်း သိရသည်။ 
ယင်းမာတောကျေးရွာမဲရုံ၌ မဲရုံအဖွဲ့ဝင် တာဝန်ယူခဲ့ပြီး COVID-19 ပိုးတွေ့အတည်ပြုလူနာဖြစ်ခဲ့သည့် မကွေးမြို့ ပြည်တော်သာတိုက်တန်း(အဟောင်း)၌ နေထိုင်သော ကျောင်းဆရာမ၏ ခင်ပွန်းနှင့် ယင်းမာ တောမဲရုံမှူးတာဝန်ထမ်းဆောင်ခဲ့သော  မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက်နေသူ ဆရာမတစ်ဦးတို့တွင်လည်း COVID-19 ပိုးတွေ့ရှိကြောင်း မိသားစုကိစ္စ ကူညီဆောင်ရွက်ပေးနေသူ မကွေးပရဟိတအဖွဲ့ဦးဆောင်သူ ကိုမိုး၏ ပြောကြားချက်အရ သိရသည်။
မကွေးတိုင်းတွင် နိုဝင်ဘာလ(၁၁)ရက် ညနေပိုင်းအထိ COVID-19 ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၈၅၆)ဦး ရှိပြီး ဆေးရုံတက်ရောက်ဆဲလူနာ(၁၈၇)ဦး၊ ဆေးရုံဆင်းလူနာ (၆၆၇)ဦး၊ သေဆုံးသူ(၂)ဦး ရှိကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
           

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~