ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ မဲရုံအချို့တွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်အတွက် မဲမပေးရသူ အများအပြားရှိနေ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ မဲရုံအချို့တွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်အတွက် မဲမပေးရသူ အများအပြားရှိနေ
နိုဝင်ဘာ 8, 2020
By Tachileik News Agency

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)  ကျောက်မဲမြို့ရှိ မဲရုံအချို့တွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်အတွက် မဲမပေးရသူ အများအပြားရှိနေ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ  မဲရုံအချို့တွင် မဲနံပါတ်ရှာဖွေရ ခက်ခဲနေသဖြင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်အတွက် မဲမပေးခဲ့ရသူ အများအပြားရှိနေပြီး မဲရုံများတွင်လည်း မဲနံပါတ်ရှာဖွေသူများဖြင့် လူစုလူဝေးဖြစ်နေကြောင်း သိရသည်။
“ကျွန်မတို့ တစ်မိသားစုလုံး မဲသွားပေးရတဲ့အခါ ဗမာတိုင်းရင်းသားအတွက် မဲပုံး (၄) ခုပေးရမှာ မှန်ပေမဲ့ အမည် ရှာမတွေ့တာ၊ နံပါတ်ရှာမတွေ့တာတွေကြောင့် မဲမပေးခဲ့ရဘူး။ (၃) မဲ ပဲ ပေးခဲ့ရတယ်။ အဲဒီလိုမဲဆုံးရှုံးခဲ့ရသူတွေ အများကြီးရှိတယ်။ အခုထိလည်း ဗမာတိုင်းရင်းသား မဲစာရင်းမှာ ကိုယ့်အမည်ပါလားမပါလားဆိုတာ ကိုယ့်ဘာကိုယ် ရှာနေရတယ်။ မဲရုံထဲရောက်တော့လည်း အဲဒီမဲပုံးဆီသွားဖို့ရာ လူတွေက ကြပ်ညှပ်နေတာ။ ကိုဗစ်ကူးမှာ ကြောက်ပေမဲ့ နိုင်ငံသား တာဝန်ကျေအောင်လို့ မဲသွားပေးတာကို အပြည့်အဝ မဲပေးခွင့်မရခဲ့ဘူး ” ဟု ကျောက်မဲမြို့၊ အမက(၄) စာသင်ကျောင်းတွင်ဖွင့်ထားသည့်  မဲရုံ (၁) တွင် ဆန္ဒမဲပေးခဲ့သည့် အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အချို့ရပ်ကွက်များက ထုတ်ပေးသည့် မဲဆန္ဒရှင်လက်မှတ်တွင် တိုင်းရင်းသားဆန္ဒမဲ အမှတ်စဉ်ကိုပါ ထည့်ရေးပေးထားသဖြင့် အခက်အခဲမရှိသော်လည်း မဲဆန္ဒရှင်အမှတ်စဉ်ကြည့်မထားသူများမှာ အခက်အခဲဖြစ်နေရကြောင်း သိရသည်။
“ အမှတ် (၁) ရပ်ကွက်က ကျယ်တယ်ဆိုတော့လေ တစ်ချို့တွေ ကျန်ခဲ့တာလည်း ဖြစ်မှာပါ။ မဲလက်မှတ် အများစုကတော့ လွှတ်တော် (၃) ရပ်အတွက် အဓိက နံပါတ်ပဲ ပါတာများပါတယ်။ ကျန်ခဲ့တာတွေ ဘာတွေလဲ ရှိနိုင်တယ်” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲမြို့ အမှတ် ၁ ရပ်ကွက်ရှိ မဲရုံအမှတ် (၃)၊ အမှတ် (၇) အခြေခံမူလတန်းကျောင်းရှိ မဲရုံအမှတ် (၂)၊ အမှတ် (၂) ရပ်ကွက်ရှိ အမက( ၁၁ ) မဲရုံ အမှတ် (၃) ၊ အမှတ် (၉) ရပ်ကွက်ရှိ အထက( ၂ ) မဲရုံအမှတ် (၁)အပါအဝင် အခြားရပ်ကွက်များရှိ ဆန္ဒမဲရုံအချို့တွင် ဗမာတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်အတွက် မဲဆန္ဒမပေးခဲ့ရသူ အများအပြားရှိနေကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၈,၀၉၅) ဦးရှိသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~