တာချီလိတ်မြို့နယ်အတွင်းမှ အခြေခံပညာအထက်တန်းကျောင်း (၁၀)ကျောင်းတွင် COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ဇူလိုင် (၂၁)ရက်နေ့ ကျောင်းစဖွင့်မည်

တာချီလိတ်မြို့နယ်အတွင်းမှ အခြေခံပညာအထက်တန်းကျောင်း (၁၀)ကျောင်းတွင် COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ဇူလိုင် (၂၁)ရက်နေ့ ကျောင်းစဖွင့်မည်
ဇူလိုင် 20, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်းမှ အခြေခံပညာအထက်တန်းကျောင်း (၁၀)ကျောင်းတွင် COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ဇူလိုင် (၂၁)ရက်နေ့ ကျောင်း စဖွင့်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ အစိုးရ အခြေခံပညာအထက်တန်းကျောင်း (၁၀)ကျောင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်းတို့မှာ COVID 19 ကာကွယ်ရေး ပြင်ဆင်ထားမှုအားလုံး အဆင့် (A)တွင် ရှိနေသဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။

အခြေခံပညာကျောင်းအားလုံး ပြင်ဆင်ထားမှုက အဆင့် (A)မှာရှိပါတယ်။ ပုဂ္ဂလိက ကျောင်း (၂)ကျောင်းလည်း အဆင့် (A)မှာ ရှိပါတယ်။ အစိုးရကျောင်းအားလုံးကတော့ တစ်ပတ်ခြား နေ့တစ်ဝက် ဖွင့်မှာပါ။ အထက်တန်းတွေ ဖွင့်တာ တစ်လအခြေအနေ စောင့်ကြည့်ပြီးမှ အလယ်တန်းတွေ၊ မူလတန်းတွေ ဆက်ဖွင့်မှာပါ

ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၁၀)ကျောင်းတွင်  COVID 19 ကာကွယ်ရေးအတွက် ကျောင်းသားဦးရေ ကန့်သတ်ချက်အရ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများကို တစ်ပတ်ခြားစီ အလှည့်ကျ ကျောင်းတက်ရမည်ဖြစ်ပြီး ကျောင်းတက်ချိန်မှာ နံနက် (၇)နာရီခွဲမှ နေ့လယ် (၁၁)နာရီခွဲအထိဖြစ်ကြောင်း သိရသည်။

ကျောင်းသူကျောင်းသားများသည် ကျောင်းသို့ လာရာတွင် Mask တပ်ဆင်လာရမည်ဖြစ်ပြီး ကျောင်းအဝင်တွင် လူစုလူဝေးမဖြစ်စေဘဲ သတ်မှတ်အကွာအဝေး အမှတ်အသားပြထားသည့်အတိုင်း တန်းစီ ဝင်ရောက်ကြရမည်ဖြစ်ကာ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးမှုကို ခံယူကြရမည်ဖြစ်သည်။

ကျောင်းဝန်းအတွင်း ဝင်ရောက်ချိန်တွင် လက်ဆေးကြရမည်ဖြစ်ပြီး စာသင်ခန်းတွင် Mask အပြင် Face shield ကိုပါ တပ်ဆင်ကြရမည်ဖြစ်ကာ အုပ်စုဖွဲ့နီးကပ်စွာနေထိုင်ခြင်းများကို ရှောင်ရှားကာ မိမိတို့စားပွဲခုံနေရာတွင်သာ ထိုင်ကြရမည်ဖြစ်သည်။

ကျောင်းအဝင်တွင် COVID 19 ကာကွယ်ရေးလိုက်နာရန်အချက်များကို သတိပေးခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ကျောင်းမုန့်ဈေးတန်းများကိုလည်း ဖွင့်ခွင့်ပေးထားခြင်းမရှိ၍ နေအိမ်မှ မိမိအစီအစဉ်ဖြင့် ယူဆောင်လာသည့် မုန့်များကိုသာ မိမိတို့စားပွဲနေရာတွင် စားသောက်ရမည်ဖြစ်ကာ စာသင်ခန်းအတွင်း ပစ္စည်းများ တစ်ဦးနှင့်တစ်ဦး ဖလှယ်၍ သုံးစွဲခြင်းမပြုရန် သတိပေးထားသည်။

ကျောင်းသူကျောင်းသားများအား ကျောင်းလိုက်ပို့ရန် စာရင်းပေးသွင်းထားသည့် မိဘ၊ အုပ်ထိန်းသူ တစ်ဦးသာ လိုက်ပါပို့ဆောင်ရမည်ဖြစ်ပြီး ကျောင်းလိုက်ပါပို့ဆောင်ရာတွင် Mask တပ်ဆင်ရန် လိုအပ်ကြောင်း သိရသည်။
နေအိမ်တွင် ဖျားနာသူရှိခြင်း၊ ကိုယ်တိုင်ဖျားနာခြင်းဖြစ်ပါက ကျောင်းသို့လာရောက်ခြင်းမပြုရန်ကိုလည်း တားမြစ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID 19 ကူးစက်ခံရသူများကို တွေ့နေရဆဲဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့အထိ ကူးစက်ခံထားရသူပေါင်း (၃၄၁)ဦးရှိနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

ပုံအညွှန်း - အထက(တာချီလိတ်)တွင် ပြင်ဆင်ထားမှုအခြေအနေ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~