ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မြို့နယ်များတွင် ကျန်းမာရေးဌာနက COVID 19 Test Kit များဖြင့် စစ်ဆေးပေးနိုင်တော့မည်

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မြို့နယ်များတွင် ကျန်းမာရေးဌာနက COVID 19 Test Kit များဖြင့် စစ်ဆေးပေးနိုင်တော့မည်
အောက်တိုဘာ 7, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မြို့နယ်များတွင် ကျန်းမာရေးဌာနက COVID 19 Test Kit များဖြင့် စစ်ဆေးပေးနိုင်တော့မည်
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မြို့နယ်များအတွက် Antigen Rapid Diagnostic Test Kit များကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့၌ စတင်ဖြန့်ဝေထားပြီဖြစ်၍ ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID 19 စစ်ဆေးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
"လောလောဆယ်တော့ ပထမအကြိမ်အနေနဲ့ အခုရေ (၁၅၀၀) ရပါတယ်။ မြို့နယ်တွေကို အခုပဲ ပို့ဖို့လုပ်နေပါတယ်။ ဒီနေ့ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းခတ်၊ မိုင်းယန်းကို ဒီနေ့ခွဲပေးလိုက်တယ်။ မိုင်းပျဉ်းနဲ့ မက်မန်းပဲ ကျန်တော့တယ်။ ပြည်မကလာတဲ့ ကုန်ကားတွေကို တောင်ကြီးက စစ်တယ်ဆိုပေမဲ့ အဓိက က ရေယားဂိတ်မှာစစ်တာဆိုတော့ ရွာငံ၊ အောင်ပန်းအလွန်က တက်လာမယ့်ကားတွေရှိမယ်။ ပြီးတော့မှ ပျဉ်းမနား - ပေါင်းလောင်းလမ်းကနေမှ ကယားဘက်တက် ကယားဘက်ကနေမှ ဒီဘက်ပြန်တက်မယ့်ကားတွေ၊ ဟိုပုံးဘက်က ကျွံလာမယ့်ကားတွေရှိနိုင်တယ်။ နောက်မိုင်းတုံဘက်က ဝင်လာမယ့် ကားတွေရှိနိုင်တယ်။ ဒါတွေအတွက် ကြိုတင်ပြင်ဆင်တာပေါ့။ ဥပမာ မနေ့ကဆို တောင်ကြီးကနေ တာချီလိတ်လာတဲ့ ကုန်ကားဆိုရင် ဒရိုင်ဘာတော့ စစ်ပေးလိုက်တယ်။ စပယ်ယာက ကျန်နေတာပေါ့။ ဒါမျိုးတွေကို စစ်ပေးဖို့ပါ။ "ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၆)ရက်နေ့က ပြောသည်။
တောင်ကြီးမြို့ဘက်မှ တာချီလိတ်သို့ အောက်တိုဘာလ (၅)ရက်နေ့က ဝင်လာသည့် ကုန်တင်ယာဉ်တစ်စီး၏ ယာဉ်မောင်းတွင် COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါသော်လည်း ယာဉ်နောက်လိုက်မှာ စစ်ဆေးထားခြင်းမရှိ၍ တာချီလိတ်မြို့တွင်း ဝင်ပါက အသွားအလာကန့်သတ်မည်ဖြစ်၍ ပြန်လှည့်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်ခံထားသည့် Antigen Rapid Diagnostic Test Kit များဖြင့် စောင့်ကြည့်လူနာများ၊ အတည်ပြုလူနာနှင့်ထိတွေ့များအား အခမဲ့စစ်ဆေးပေးမည်ဖြစ်သော်လည်း ကုန်တင်ယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအနေဖြင့် ကျပ် (၂၀,၀၀၀) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဝင်ထွက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် COVID 19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်များ လိုအပ်နေသဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ နှောင့်နှေးမှုမရှိစေရေးအတွက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးခကောက်ခံ၍ စစ်ဆေးပေးရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခများကို နိုင်ငံတော်ရန်ပုံငွေသို့ ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
  Tachileik News Agency
သတင်း - ချယ်ရီထိုက် 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~