မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ ပြန်ဝင်မည့် ထိုင်းနေရပ်ပြန် (၄၀၀) အနက် (၃၀၀) ကျော်သာ ပြန်ဝင်လာနိုင်

မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ ပြန်ဝင်မည့် ထိုင်းနေရပ်ပြန် (၄၀၀) အနက် (၃၀၀) ကျော်သာ ပြန်ဝင်လာနိုင်
သြဂုတ် 4, 2020
By 🌸
မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ ပြန်ဝင်မည့် ထိုင်းနေရပ်ပြန် (၄၀၀) အနက် (၃၀၀) ကျော်သာ ပြန်ဝင်လာနိုင်

မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှတစ်ဆင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၄) ရက်နေ့၌ နေရပ်ပြန်ခွင့်ရထားသည့် မြန်မာနိုင်ငံသား (၄၀၀) ရှိသော်လည်း မယ်ဆိုင်ဘက်လာသည့် လမ်းပိုင်းရေကြီးနေခြင်းနှင့် ထိုင်းနိုင်ငံဘက်မှ စိစစ်မှုအချို့ကြောင့် အချိန်ကြန့်ကြာသွားကာ စုစုပေါင်း (၃၃၄)ဦးသာ ပြန်ဝင်လာနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ချင်းမိုင် - ချင်းရိုင်းလမ်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပိုင်းပြတ်တောက်မှုဖြစ်၍ သြဂုတ်လ (၄)ရက်နေ့၌ နေရပ်ပြန်ခွင့်ရထားသည့် မြန်မာနိုင်ငံသားအချို့မှာ မယ်ဆိုင်ဘက်သို့ ရောက်လာနိုင်ခြင်းမရှိခြင်း၊ ထိုင်းနိုင်ငံဘက်က နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများကို စိစစ်မှုပြုလုပ်ခြင်းနှင့် ကြိုတင်စာရင်းပေးခြင်းမရှိဘဲ ရောက်လာသည့် မြန်မာနိုင်ငံသားများကို စာရင်းထပ်မံကောက်ယူရခြင်းများကြောင့် မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ လွှဲပြောင်းပေးရန် အချိန်များစွာ ကြန့်ကြာမှုလည်း ဖြစ်ခဲ့ရသည်။

"ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားသံအရာရှိက စာရင်းဇယားတွေ ကောက်ယူပါတယ်။ အဲဒီစာရင်းဇယားတွေကို ကျွန်တော်တို့ကကြိုတင်ပြီးတောင်းခံပါတယ်။ အဲဒီစာရင်းဇယားတွေ ကြိုတင်ရတော့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပါတယ်။ သူတို့ကိုတောင်ကြီးကတစ်ဆင့် လာရောက်ခေါ်ယူဖို့ ချိတ်ဆက်ရတာတွေရှိပါတယ်။ တစ်ချို့တွေက စာရင်းကြိုတင်ရပြီးတော့ တစ်ချို့တွေက ဒီနေ့မနက်ကျမှ ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေက အများကြီးပါ။ ကိုယ့်နိုင်ငံသားတွေဖြစ်တဲ့အတွက် ပြန်ပြီးတော့ လက်မခံလို့ မရတဲ့အတွက်ကြောင့် လက်ခံရပါတယ်။ ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကို စာရင်းကောက်ယူရတဲ့အတွက် အချိန်မီ ပြန်လည်လွှဲပြောင်းနိုင်ခြင်းမရှိဘူးပေါ့။ နေ့လယ်လောက်မှ လွှဲပြောင်းလာရင် တောင်ကြီးကိုလွှတ်ဖို့အတွက် မိုးချုပ်သွားတဲ့ အခက်အခဲတွေ အများကြီးရှိပါတယ်"

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် နေရပ်ပြန်များလက်ခံရေးအတွက် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက သြဂုတ်လ (၃)ရက်နေ့ကတည်းက ကြိုတင်ပြင်ဆင်ကာ သြဂုတ်လ (၄)ရက်နေ့ နံနက် (၉)နာရီ၌ နေရပ်ပြန်များ လက်ခံရေး စီစဉ်ထားသော်လည်း နေ့လယ် (၁)နာရီအချိန်မှ နေရပ်ပြန်များ စတင်ဝင်ရောက်နိုင်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှ ဝင်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား အမျိုးသား (၁၃၉) ဦးနှင့် အမျိုးသမီး (၁၉၅)ဦးတို့အား တာချီလိတ်ဘက်ရှိ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက နိုင်ငံသားစိစစ်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်လက်ခံပြီး  Quarantine ဝင်ရမည့်နေရာအသီးသီး ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးအသီးမှ တာဝန်ရှိသူများနှင့် ကူညီပေးနေသည့်အဖွဲ့များက ဝိုင်းဝန်းဆောင်ရွက်ပေးကြသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~