FPNCC အဖွဲ့ဝင် (၆)ဖွဲ့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး မတက်ရောက်ကြောင်း သဘောထားထုတ်ပြန်

FPNCC အဖွဲ့ဝင် (၆)ဖွဲ့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး မတက်ရောက်ကြောင်း သဘောထားထုတ်ပြန်
သြဂုတ် 13, 2020
By Tachileik News Agency
FPNCC အဖွဲ့ဝင် (၆)ဖွဲ့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး မတက်ရောက်ကြောင်း သဘောထားထုတ်ပြန်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ULA/AA အဖွဲ့အား မဖိတ်ကြားသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်းနှင့်  FPNCC အဖွဲ့ဝင် (၆)ဖွဲ့အနေဖြင့် အစည်းအဝေး မတက်ကြောင်း ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့ ဆုံးဖြတ်ကြောင်း သိရသည်။
"ဝ"ပြည်အထူးဒေသ (၂) ပန်းခမ်းမြို့တော်တွင် FPNCC အစည်းအဝေးကို အဖွဲ့ဝင် (၇)ဖွဲ့ဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့၌ အစည်းအဝေးကျင်းပပြီးနောက် အစည်းအဝေးဆုံးဖြတ်ချက်များကို ထုတ်ပြန်လာခြင်းဖြစ်သည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို UWSA ကဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

"KIO လည်းအဲဒီအစည်းအဝေး သွားတက်နေပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့တော့ ထုတ်ပြန်ချက်ထုတ်လာတာ တွေ့ရပါတယ်။ ကျန်တာတော့ ကျွန်တော်တို့ မသိရသေးပါဘူး"

ဟု ကချင်ငြိမ်း ချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအပြင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် ULA/AA မှလွဲ၍ NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များကိုပါ ဖိတ်ကြားထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖိတ်ကြားခြင်းအတွက် ပြည်ထောင်စုအစိုးရအား FPNCC အနေဖြင့် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်၏ နံပါတ်တစ်အချက်အဖြစ် ဖေါ်ပြထားသည်။

ယင်းနောက်  ဖိတ်ကြားခံရသည့် FPNCC (၇)ဖွဲ့အနက် (၆)ဖွဲ့မှာ COVID 19 ကပ်ရောဂါကာလအတွင်း တောင်ပေါ်နယ်စပ်ဒေသများ၌ ဆေးဝါးကုသရေးအခက်အခဲများကြောင့် ခရီးစဉ်စီစဉ်ရန် အခက်အခဲရှိ၍ မတက်ရောက်နိုင်သော်လည်း ညီလာခံအား ဂုဏ်ပြုပါသည်ဟု ဖေါ်ပြထားသည်။

ညီလာခံသည် တိုင်းရင်းသားပဋိပက္ခများဖြေရှင်းရန်၊ တိုက်ပွဲများရပ်တန့်ရန်နှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် အုတ်မြစ်ဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ဖူးသည့်အတွက် ယခုကျင်းပမည့်ညီလာခံသို့ ULA/AA အား မဖိတ်ကြားခြင်းကို များစွာစိတ်မကောင်းဖြစ်ရသည်ဟု ဖေါ်ပြထားသည်။

၂၁ ရာစုပင်လုံညီလာခံမှာ NCA လက်မှတ်ရေးထိုး၍ ဆွေးနွေးနေသည့်အဖွဲ့များနှင့် ဆွေးနွေးမှုရလဒ်များအား ပြည်ထောင်စု သဘောတူညီချက်အဖြစ် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား စာချုပ်ချုပ်ဆိုနေခြင်းဖြစ်သည်။

ယခုညီလာခံ ကျင်းပရန် အစိုးရက ပြင်ဆင်နေချိန်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့က ညီလာခံတွင် FPNCC ၏ ဦးဆောင်မှုဖြင့် တက်ရောက်လိုသည်ဟု ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၌ သဘောထားထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို သြဂုတ်လ (၁၃) ရက်နေ့ "ဝ"ပြည်နယ် အထူးဒေသ(၂) ပန်ခမ်းမြို့တွင်ကျင်းပခဲ့ပြီး ဥက္ကဌ ဦးပေါက်ယူချန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

FPNCC အဖွဲ့တွင် UWSA၊ KIO၊ NDAA၊ SSPP၊ MNDAA၊ TNLA နှင့် AA တို့ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - USTV


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~