ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း မိုးဆက်တိုက်ရွာ၍ စိုက်ခင်းများ ရေကြီးနစ်မြုပ်မှု ကြုံနေရ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း မိုးဆက်တိုက်ရွာ၍ စိုက်ခင်းများ ရေကြီးနစ်မြုပ်မှု ကြုံနေရ
သြဂုတ် 5, 2020
By Tachileik News Agency
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း  မိုးဆက်တိုက်ရွာ၍ စိုက်ခင်းများ ရေကြီးနစ်မြုပ်မှု  ကြုံနေရ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ၊ သေးဆူလဲကျေးရွာအုပ်စု ၊ ကုန်းသာကျေးရွာတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့မှစ၍ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ပြောင်း ၊စပါးနှင့် နှမ်းခင်းများ ရေမြုပ်ပျက်စီးမှုဖြစ်ပေါ်နေသည်။

ကုန်းသာကျေးရွာရှိ ပြောင်းစိုက်ခင်းဧက(၅၀)နီးပါး၊ စပါးစိုက်ခင်းနှင့် ရိတ်သိမ်းနေဆဲ နှမ်းစိုက်ခင်းဧက (၂၀)ကျော်ဝန်းကျင် ရေနစ်မြုပ်သွားသည်ဟု ဒေသခံတောင်သူများ၏ ခန့်မှန်းပြောဆိုချက်အရ သိရသည်။

“ကျွန်မတို့ခါတိုင်းနှစ် မိုးတော့ လာတယ်။ ဒါပေမဲ့ ဒီနှစ်ကမိုးခေါင်တော့ မိုးနောက်ကျမလားပေါ့နော်။ နောက်ကျမလားဆိုပြီး နှမ်းထည့်ကြည့်လိုက်တာ နှမ်းရိတ်ပြီး(၂)ရက် မိုးမရွာသေးဘူးပေါ့နော်။ ရိတ်ပြီးတော့ မနေ့ညကမှပေါ့ ချောင်းရေကြီးတာလည်းပါမယ်ထင်တယ်။ လပြည့်နေ့ဆိုတော့ ဘုန်းကြီးကျောင်း တက်ရင်းနဲ့ နှမ်းခင်းထဲ ရေဝင်ကုန်ပြီ ဆိုတော့ သွားကြည့်တော့ နှမ်းက အဲဒီလိုဖြစ်ကုန်တယ်" ဟုနှမ်း (၅)ဧကကျော်စိုက်ပျိုးထားသည့် ဒေါ်သင်းထူးဆန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရိတ်သိမ်းဆဲနှမ်းခင်းများ ရေဝင်ပျက်စီးသွားသည့်အပြင်  အစောပိုင်းကာလက မိုးခေါင်နေ၍ အခြောက်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးထားသောစပါးခင်း၊ ပြောင်းခင်းတို့လည်း ရေဝင်နစ်မြုပ်နေကြောင်း သိရသည်။

“အခုဒီစိုက်ပျိုးတဲ့ဟာက (၃)လလောက်ရှိပြီ။ သို့သော်လည်းပဲ  ရေသုံးလေးရက်လောက် နစ်နေရင်တော့ သီးနှံကလည်း ပျက်ဆီးမယ့်သဘောပေါ့ ။မလှတော့ဘူးပေါ့ ။ ရောင်းလည်းမထွက်တော့ဘူးပေါ့ ။ အဲဒီလိုမျိုးပျက်ဆီးနေတယ် ။အသီးလည်းပြောရမယ်ဆိုရင် မရင့်တဲ့အတွက်ကြောင့် အဲ့လိုဖြစ်တော့ ဒီတိုင်းရိတ်ဒီတိုင်းခြောက်သွားဖြစ်နေတာပေါ့ ။ ဝင်ငွေများစွာဆုံးရှုံးပြီး ကိုယ့်မိသားစုအတွက် အများကြီးဆုံးရှုံးတာပေါ့ ”ဟု ပြောင်းစိုက်တောင်သူ ဦးငိုင်း ကပြောသည်။

ကုန်းသာကျေးရွာတွင် စမုံနက်နှမ်းများကို ယခုနှစ်တွင် စတင်စိုက်ပျိုးလာကြခြင်းဖြစ်ပြီး စိုက်ပျိုးစရိတ်မှာ တစ်ဧကလျှင် ကျပ် (၉)သိန်းနီးပါး ကုန်ကျထားကာ နှမ်းအထွက်ကောင်းမည့်အလားအလာရှိနေသော်လည်း ရေဝင်နစ်မြုပ်သွားခြင်းဖြစ်ကြောင်းသိရသည်။

“အခုနှမ်းကလည်း တအားအသီးကောင်းတယ်ဆိုတော့ အပင်ခြေရင်းကနေဟိုထိပ်ဖျားထိ ဒီလိုမျိုး နှမ်းကောင်းတဲ့အခင်းပေါ့။ သူက (၅)ဧကလောက်ရှိတယ်ဆိုတော့ အစီး(၁၀၀)တစ်ပုံးခွဲ တစ်ပုံးနီးပါးရတော့လေ အကယ်၍ ထွက်ရင်တော့ (၈၀)ကျော်(၉၀)နီးပါးလောက်ရမယ်ထင်တယ်။ ဝင်ငွေပေါ့ ။ အခုက သုံးပုံတစ်ပုံလောက်တောင်မရတော့ဘူးထင်တယ်။ အဲဒီလိုပဲဖြစ်သွားတယ် ”ဟု နှမ်းစိုက်တောင်သူ မသင်းထူးဆန်း ပြောသည်။

ကုန်းသာကျေးရွာရှိ ပြောင်း ၊နှမ်း နှင့်စံပါးခင်းများ ရေနစ်မြုပ်ပျက်ဆီးမှုမှာ ချောင်းရေကြီးမှုကြောင့်မဟုတ်ဘဲ မိုးအဆက်မပြက်ရွာသွန်ကာ မိုးများ၍ ရေနစ်မြုပ်ခြင်းသာဖြစ်ပြီး လွန်ခဲ့သည့် (၇)နှစ်နီးပါးခန့်ကလည်း တစ်ကြိမ်ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ဖူးကြောင်းသိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -  ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~