COVID 19 ကြောင့် ပြည်ပဈေးကွက်မတင်နိုင်၍ ပျားမွေးမြူရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် ခက်ခဲနေ

COVID 19 ကြောင့် ပြည်ပဈေးကွက်မတင်နိုင်၍ ပျားမွေးမြူရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် ခက်ခဲနေ
ဇူလိုင် 26, 2020
By 🌸
COVID 19 ကြောင့် ပြည်ပဈေးကွက်မတင်နိုင်၍ ပျားမွေးမြူရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် ခက်ခဲနေ

COVID 19 ကာလ၌ ပြည်ပသို့ ပျားရည်တင်ပို့နိုင်ခြင်း မရှိ၍ ဈေးနှုန်းကျသည့်အပြင် မိုးနှမ်းကာလတွင် မိုးခေါင်၍ ပျားရည်ထွက်နှုန်းပါ ကျဆင်းသည့်အတွက်  မကွေးတိုင်းဒေသကြီးမှ ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်းများ လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် အခက်အခဲဖြစ်နေရကြောင်း သိရသည်။

“အသီးအပင်ကောင်းရင်ကောင်းသလို ပျားရည်ရတာဆိုတော့ ဒီနှစ် မိုးနှမ်းကာလမှာ မိုးခေါင်တဲ့အတွက် အပွင့်အသီးမအောင်လို့ ပျားရည်ထွက်နှုန်းကျပါတယ်။ COVID ကာလဖြစ်နေတော့ နိုင်ငံခြားတင်ပို့မှုတွေ လည်း ရပ်ဆိုင်းထားရတယ်။ ဈေးကလည်း ပြီးခဲ့တဲ့နှစ် (၈) လပိုင်း၊ (၉) လပိုင်းက တစ်ပိဿာ (၃၀၀၀) ကျပ် အထိဈေးရခဲ့ပေမဲ့ အခု (၂၀၀၀) ဈေးလောက်ပဲရတယ်။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်း ဆက်လက်လုပ်ကိုင်ဖို့ အတော်ကြီးကို အခက်အခဲနဲ့ကြုံတွေ့နေရပါတယ်”

ဟု ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းရှင် ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့က ပြောသည်။

မကွေးတိုင်းတွင် ၂၀၁၉ ခုနှစ်က မိုးနှမ်းပျားရည် တန် (၂၀) ဝန်းကျင်ထွက်ပြီး ပြည်ပတင်ပို့သည့်ဈေးမှာ တစ်ပိဿာလျှင် ကျပ်(၂၇၀၀)ရရှိခဲ့သော်လည်း  ယခုနှစ်တွင်(၁၀)တန် ဝန်းကျင်သာထွက်ရှိပြီး တစ်ပိဿာလျှင် ကျပ် (၂၀၀၀) ခန့်သာ ဈေးရရှိ၍ လုပ်ငန်းရှင်များ အရှုံးပေါ်နေကြောင်း သိရသည်။

မကွေးတိုင်းတွင် ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းရှင် (၇၅) ဦးရှိပြီး တစ်နှစ်လျှင် ဇီး၊ နေကြာ ပျားရည်  တန်ချိန် (၂၀၀)မှ (၂၅၀) အထိ ပြည်ပသို့ တင်ပို့နိုင်ပြီး မိုးနှမ်းပျားရည်မှာ ရေပါများသဖြင့် ပြည်ပဈေး ကွက်ထက် ပြည်တွင်း ဈေးကွက်ကိုသာ အားထားရကြောင်း သိရသည်။

“ဒီနှစ်မှာ COVID ကာလဖြစ်လို့ ပြည်ပတင်ပို့မှုရပ်ဆိုင်းထားရတဲ့အထဲ ထွက်နှုန်းလည်းကျ ဈေးလည်းမရ ဖြစ်နေတော့ လုပ်ငန်းရှင်တွေ အခက်အခဲကြုံတွေ့ကြရပါတယ်။ ပျားလုပ်ငန်း ရှင်သန်ဖွံ့ဖြိုးဖို့ မကွေးတိုင်း ပျားလုပ်ငန်းဌာနက ကမ္ဘာ့ဘဏ် ထောက်ပံ့ငွေ ပရောဂျက်တင်ခဲ့တာမှာ တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပြီး ပြည်ထောင်စုကို ဆက်လက်တင်နေပါပြီ။  ကျပ်သန်းပေါင်း (၁၃၄၃.၂၉၆)သန်း  ချထားပေးဖို့ ရှိပါတယ်။ ရရှိရင် ပျားမွေးမြူရေးသင်တန်းများပေးပြီး ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာဖို့နဲ့  ပျားစာစဉ်ဆက်မပြတ်ရရှိစေဖို့ ပျားစာနှစ်ရှည်ပင် ဧက(၃၀၀)စိုက်ပျိုး ဆောင်ရွက်သွားမယ်လို့ စီစဉ် ထားပါတယ်”

ဟု မကွေးတိုင်း ပျားလုပ်ငန်းဌာနမှ တိုင်းဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။

မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ပျားရည်ထွက်နှုန်း တန်(၅၀၀၀)ဝန်းကျင်ရှိပြီး ပြည်ပဈေးကွက်အနေဖြင့် ဂျပန်၊ အမေရိကန်၊ ကနေဒါ၊ ကိုရီးယား၊ တရုတ်၊ ထိုင်း စသည့် အာဆီယံနိုင်ငံများသို့ နှစ်စဉ် ပျားရည် တန်(၃၅၀၀) ခန့် တင်ပို့ရလေ့ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~