ရှမ်းပြည်နယ်အတွင်း Covid-19 ကာလတွင် အခြေခံပညာကျောင်းများကို နေ့တစ်ဝက်တက်ကျောင်းများအဖြစ် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းမုန့်ဈေးတန်းများ ဖွင့်ခွင့်ပြုမည် မဟုတ်သေး

ရှမ်းပြည်နယ်အတွင်း Covid-19 ကာလတွင် အခြေခံပညာကျောင်းများကို နေ့တစ်ဝက်တက်ကျောင်းများအဖြစ် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းမုန့်ဈေးတန်းများ ဖွင့်ခွင့်ပြုမည် မဟုတ်သေး
ဇူလိုင် 18, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း Covid-19 ကာလတွင် အခြေခံပညာကျောင်းများကို နေ့တစ်ဝက်တက်ကျောင်းများအဖြစ် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းမုန့်ဈေးတန်းများ ဖွင့်ခွင့်ပြုမည် မဟုတ်သေး

ရှမ်းပြည်နယ်အတွင်း အခြေခံပညာကျောင်းများကို နေ့တစ်ဝက်တက်ကျောင်းများအဖြစ် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းမုန့်ဈေးတန်းများ ဖွင့်လှစ်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

ဝန်ကြီးဌာနက သတ်မှတ်တာက စာသင်ချိန်က (၄) နာရီ စာသင်ချိန် (၅) ချိန် သတ်မှတ်ထားတာပေါ့နော်။ စာသင်တဲ့ဟာကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပါလို့ ပါလာတဲ့အခါကျတော့ ပြီးခဲ့တဲ့အပတ်က စာထွက်လိုက်ပြီ။ ခရိုင်ပညာရေးမှူးတွေနဲ့ ဇွန်လ (၅) ရက်နေ့ ညှိနှိုင်းဆုံးဖြတ်ချက်အတိုင်း ဖွင့်မယ်။ ပုံမှန်တက်ကျောင်းတွေက မနက် (၇)နာရီခွဲကနေ နေ့လယ် (၁၁)နာရီခွဲဆင်းမယ်။ တစ်ပတ်ခြားတက်ကျောင်းကလည်း အလားတူပဲ မနက် (၇) ခွဲကနေ နေ့လယ် (၁၁) ခွဲဖြစ်မယ်။ တစ်ပတ်ခြား နှစ်သုတ်တက်ကျောင်းကကျတော့ မနက်ပိုင်း ကျောင်းတက်ချိန်ပြီးတော့ ညနေပိုင်း ထပ်တိုးသွားမယ်။ နေ့လယ် (၁) နာရီခွဲကနေ ညနေ (၅) နာရီခွဲဆင်းမယ်။ မနက်ပိုင်းကျောင်းဆင်းချိန်က (၁၁)နာရီခွဲ ညနေပိုင်း ကျောင်းတက်ချိန်က နေ့လယ် (၁)နာရီခွဲဆိုတော့ လူစုလူဝေးမဖြစ်စေဖို့လည်း အဆင်ပြေတယ်။ မုန့်စားဆင်းချိန် (၁၅)မိနစ်ရှိမယ်

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့တွင် ပြောသည်။

အခြေခံပညာကျောင်းများတွင် COVID 19 ကာကွယ်ရေး အစီအစဉ်များ ဆောင်ရွက်ထားမှုကို ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးပြီး လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများအနေဖြင့် ပညာရေးဌာနနှင့်အတူ ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ပြီး လူစုလူဝေးမဖြစ်စေရေးကို ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။

မုန့်ဈေးတန်းဖွင့်ခွင့် မပေးဘူး။ ကလေးတွေ ကိုယ့်မုန့်ကိုယ်ယူလာရမယ်။ ကိုယ့်ခုံမှာကိုယ်စားရမယ်။ စုပြီးစားခွင့်ပေးမထားဘူး။ နောက်တစ်ခုက Mask တပ်လာရမယ်။ လက်ဆေးဘေစင်တွေကို သက်ဆိုင်ရာ မြို့နယ်ကိုဗစ်ကော်မတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးရမယ်။ နောက် ကျန်းမာရေးအသိပညာပေးတွေကို သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ ညှိနှိုင်းပြီး ပညာ၊ ကျန်းမာညှိနှိုင်းပြီးတော့ စီစဉ်ပေးရမယ်လို့ စာထွက်ထားတယ်

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

ကျောင်းဖွင့်ချိန်တွင် ကျောင်းသူကျောင်းသားများ၊ ကျောင်းသားမိဘများ၊ ဆရာ၊ဆရာမများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း အတိအကျ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပြီး ရောဂါကာကွယ်ဆေး အသိပညာပေးခြင်းကို Hand Speaker များ အသုံးပြု၍ နေ့စဉ်ဆောင်ရွက်ပေးရန်ကိုလည်း စီစဉ်ပေးထားကြောင်း သိရသည်။

ယင်းအပြင် ကျောင်းသူကျောင်းသားများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘ အုပ်ထိန်းသူများအနေဖြင့် ကျောင်းသို့လာစဉ်ကတည်းက Mask များ တပ်ဆင်ရမည်ဖြစ်ကာ ကျောင်းရှေ့မှ ကျောင်းတွင်း ဝင်ရာတွင်လည်း လူစုလူဝေးမဖြစ်စေဘဲ သတ်မှတ်ထားသည့် အကွာအဝေးမှသာ သွားလာနေထိုင်ကြရမည်ဖြစ်သည်။
ကျောင်းသူကျောင်းသားများအတွက် ပြန်လည်လျှော်ဖွပ် အသုံးပြုနိုင်သည့် အဝတ် Mask (၂)စီနှင့် Face Shield (၁) ခုစီကို ပညာရေးဝန်ကြီးဌာနက ပေးထားမည်ဖြစ်ပြီး ကျောင်းဝန်းအတွင်း မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ဆောင်မည်ဖြစ်သည်။

ကျောင်းသူကျောင်းသားများ COVID 19 ကာကွယ်နိုင်ရေးအတွက် ကျောင်းဝန်းအတွင်းနှင့် ကျောင်းဝန်းအနီး လူစုလူဝေးမဖြစ်စေရန် ကျောင်းမုန့်ဈေးတန်းများ ဖွင့်ခွင့်မပြုကြောင်း သိရသည်။

 Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~