တာချီလိတ်တွင် ညပိုင်း ရောင်းချသည့် ရွေ့လျားစားသောက်ဆိုင်များ လူစုလူဝေး မဖြစ်စေဘဲ ည(၈)နာရီအထိ ရောင်းချခွင့်ပြု

တာချီလိတ်တွင် ညပိုင်း ရောင်းချသည့် ရွေ့လျားစားသောက်ဆိုင်များ လူစုလူဝေး မဖြစ်စေဘဲ ည(၈)နာရီအထိ ရောင်းချခွင့်ပြု
ဇွန် 15, 2020
By Tachileik News Agency
တာချီလိတ်တွင် ညပိုင်း ရောင်းချသည့် ရွေ့လျားစားသောက်ဆိုင်များ လူစုလူဝေး မဖြစ်စေဘဲ ည(၈)နာရီအထိ ရောင်းချခွင့်ပြု

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် Covid-19 ကြောင့်  ရှမ်းရိုးမကွင်းအတွင်း ရောင်းချနေသည့် ညဈေးတန်းအား ပိတ်ထားပြီး လမ်းမကြီးဘေးတစ်လျှောက် ရောင်းချနေသည့် ယာယီဈေးသည်များကို လူစုလူဝေး မဖြစ်စေဘဲ ည (၈) နာရီအထိ ရောင်းချခွင့်ပြုထားကြောင်း သိရသည်။

"ကိုယ့်မြို့သူမြို့သားတွေ၊ ဈေးသူဈေးသားတွေလည်း အခက်အခဲဖြစ်မှာ စိုးတာပေါ့။ အမိန့်ကလည်း ရှိနေတာဆိုတော့ ည(၇) နာရီကျော် (၈) နာရီလောက်ဆို သိမ်းခိုင်းမှာပေါ့။ အဲဒီလိုစည်းကမ်းလေးတွေနဲ့ ထိန်းသွားမှာပေါ့။ အရမ်းကြီး စည်စည်ကားကားဖြစ်လာရင်တော့ နေရာချဲခိုင်းတာတွေ ဘာတွေ လုပ်ရမှာပေါ့။ အမိန့်ညွှန်ကြားချက်ရှိတယ်ဆိုပြီးတော့ အရေးယူတာတွေ မလုပ်ပါဘူး။ သူတို့ပူးပေါင်းပါဝင်လာအောင် မေတ္တာရပ်ခံတာပေါ့"

ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၏ ညဈေးများဖြစ်သည့် ရှမ်းရိုးမကွင်းနှင့် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ် (၁)(၂) တံတားအနီးရှိ စားသောက်တန်း ညဈေးများကို COVID-19 ကာလအတွင်း ရောင်းချခွင့် ပိတ်ထားပြီး ဇွန်လကုန်အထိ သက်တမ်းတိုးမြှင့်ထားသဖြင့် ဈေးသည်အများစုမှာ ရှမ်းရိုးမကွင်းရှေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတစ်လျှောက်တွင် ယာယီရောင်းချနေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့၌ COVID 19 အတည်ပြုလူနာ စုစုပေါင်း (၂၆၂)ဦး တွေ့ရှိထားပြီး ပြည်တော်ပြန်များ၊ သံသယလူနာများကို ဓာတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်သည်။

အစားအသောက် ရောင်းချသူများအနေဖြင့် လူစုလူဝေး မဖြစ်ရန်အတွက် သတိထားရောင်းချရမည်ဖြစ်ပြီး ဆိုင်တွင် ထိုင်စားသည်ထက် ပါဆယ်ဖြင့် ရောင်းချသည့် စနစ်ကို လိုက်နာရန် ကျန်းမာရေးဦးစီးဌာနကလည်း အသိပေးထားရှိသည်။

ယခင်ကတည်း ဆိုင်ခန်းများဖြင့် ဖွင့်လှစ်ရောင်းချသည့် စားသောက်ဆိုင်များ နှင့် လက်ဖက်ရည်ဆိုင်များအနေဖြင့် ည(၁၀)နာရီအထိသာ ဖွင့်လှစ်ရောင်းချရမည် ဖြစ်ကြောင်းကိုလည်း အသိပေးထားရှိပြီး  ယင်းအသိပေးချက်သည် မြန်မာတစ်နိုင်ငံလုံး အကျုံးဝင်မည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~