ထိုင်းနိုင်ငံအတွင်း ဒေသအသီးသီးမှ တာချီလိတ်သို့ ပြန်လာလိုသည့် မြန်မာနိုင်ငံသား (၁၇၀)ဝန်းကျင် မယ်ဆိုင်ဘက်တွင် ဧပြီလ(၃)ရက်နေ့အထိ ရောက်ရှိ စောင့်ဆိုင်းနေ

ထိုင်းနိုင်ငံအတွင်း ဒေသအသီးသီးမှ တာချီလိတ်သို့ ပြန်လာလိုသည့် မြန်မာနိုင်ငံသား (၁၇၀)ဝန်းကျင် မယ်ဆိုင်ဘက်တွင် ဧပြီလ(၃)ရက်နေ့အထိ ရောက်ရှိ စောင့်ဆိုင်းနေ
ဧပြီ 3, 2020
By Tachileik News Agency
ထိုင်းနိုင်ငံအတွင်း ဒေသအသီးသီးမှ တာချီလိတ်သို့ ပြန်လာလိုသည့် မြန်မာနိုင်ငံသား (၁၇၀)ဝန်းကျင် မယ်ဆိုင်ဘက်တွင် ဧပြီလ(၃)ရက်နေ့အထိ ရောက်ရှိ စောင့်ဆိုင်းနေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အပါအဝင် ဒေသအသီးသီးမှ တရားဝင်လုပ်သား မြန်မာနိုင်ငံသားများသည် တာချီလိတ် - မယ်ဆိုင် နယ်စပ်ပေါ်ကမှ တဆင့် ဝင်ရောက်ရန်အတွက် ၂၀၂၀ခုနှစ် ဧပြီလ(၃)ရက်နေ့ ညနေပိုင်းအထိ လူဦးရေ (၁၇၀)ဝန်းကျင် ရောက်ရှိနေပြီး လက်ရှိတွင် မယ်ဆိုင်ဘက်က သက်ဆိုင်ရာဌာနများနှင့် လူမှုရေး အသင်းအဖွဲ့များက စောင့်ရှောက်ပေးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဒေသသီးသီးမှ မတ်လ(၃၀)ရက်နေ့က စ၍ ဧပြီလ(၃)ရက်နေ့ ညပိုင်းအထိ အမျိုးသား (၁၀၀)ဦး နှင့် အမျိုးသမီး (၆၆)ဦး အပါအဝင် ကလေးငယ်(၁၀)ဦးဝန်းကျင်ရှိရာ စုစုပေါင်း မြန်မာနိုင်ငံသား (၁၇၀) ဝန်းကျင်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံသား (၁၇၀)ဝန်းကျင်အား မယ်ဆိုင်မြို့ရှိ လွိုင်ဝေါင်းဈေးအနီး လွိုင်ဝေါင်းဘုန်းကြီးကျောင်းအတွင်း၌ ထားရှိပေးထားပြီး တစ်ဦးလျှင် (၃)ပေ အခွာထားရှိကာ မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့ ညအထိ စားသောက်ရေးအတွက် မယ်ဆိုင်မြို့မှ သက်ဆိုင်ရာဌာနများနှင့် မယ်ဆိုင်မြို့ရှိ ထိုင်း လူမှုရေးအသင်းအဖွဲ့များ နှင့် မြန်မာလူမှုရေးအသင်းအဖွဲ့များက တာဝန်ယူပေးထားကြောင်း သိရသည်။

မတ်လ(၃၀)ရက်နေ့က စ၍ ဧပြီလ(၃)ရက်နေ့ ညနေပိုင်းအထိ နည်းနည်းစီရောက်ရှိလာရာ လူဦးရေ (၁၇၀)ဝန်းအကျင်အထိ ရှိလာရာတွင် ၎င်းတို့ထဲတွင် ရှမ်းပြည်နယ်အတွင်းက အများအပြားပါဝင်ပြီး အခြားတိုင်းနှင့်ပြည်နယ်များကလည်း ပါဝင်ကြောင်းနှင့် ရပ်ဝေးက လာရောက်သူများနည်းတူ မယ်ဆိုင်မြို့တွင်နယ်စပ်ဖြတ်သန်း လက်မှတ်များဖြင့် သွားရောက်နေထိုင်သူများကလည်း တာချီလိတ်သို့ တရားဝင်ပြန်လာချင်နေကြောင်းလည်း သိရှိရသည်။

တာချီလိတ်တွင် နေရပ်ပြန်များအား ယခင်ကလို ချက်ခြင်း ပြန်မလွတ်တော့ဘဲ နေရာ(၆)နေရာတွင် လူပေါင်း (၆၀၀)ကျော်ကို (၁၄)ရက်အကြာ စောင့်ကြည့်ထားရန်အတွက် စီစဉ်ထားသော်လည်း လူပေါင်းရာကျော်အတွက် (၁၄)ရက်စာ စားသောက်စရိတ် အခက်အခဲရှိနေကြောင်း နှင့် လက်ရှိတွင်လည်း နေရပ်ပြန် (၉၀)ကျော်ကို တာချီလိတ်တွင် သီးသန့် (၁၄)ရက် စောင့်ကြည့် ကျွေးမွေးကာ စောင့်ရှောက်ထားကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ကာကွယ်ရေးအတွက် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားအား ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့ကစ၍ ယာယီပိတ်ထားခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~