တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းမှ တဆင့် မြန်မာနိုင်ငံသားများ တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာမှု များပြားနေ၍ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများ ပါဝင်လာမည်ကို ဒေသခံများ စိုးရိမ်ပူပန်နေ

တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းမှ တဆင့် မြန်မာနိုင်ငံသားများ တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာမှု များပြားနေ၍ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများ ပါဝင်လာမည်ကို ဒေသခံများ စိုးရိမ်ပူပန်နေ
မတ် 27, 2020
By Tachileik News Agency

တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းမှ တဆင့် မြန်မာနိုင်ငံသားများ တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာမှု များပြားနေ၍ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများ ပါဝင်လာမည်ကို ဒေသခံများ စိုးရိမ်ပူပန်နေ

ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကူးစက်မှု မြန်ဆန်နေသည့် ထိုင်းနိုင်ငံအတွင်းမှ မြန်မာနိုင်ငံသား အချို့သည် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်း တစ်လျှောက် တရားမဝင် ဝင်ပေါက်များမှ တဆင့် ဝင်ရောက်လာနေသည်များမှာ တစ်နေ့လျှင် လူဉီးရေ (၃၀)ထက် မနည်း ရှိနေသည်ကို မယ်ဆိုင်ချောင်းအနီး နေထိုင်သူများမှ တွေ့မြင်နေရသည့် အတွက် ထိုင်းနိုင်ငံဘက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာသူများ ပါဝင်လာကြမည်ကို စိုးရိမ်နေကြသည်။

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြန်ဆန်နေသည့် အတွက် တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားအား ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က စ၍ ထိုင်းဘက်က ပိတ်ထားလိုက်သည့် အတွက် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ရောက်ရှိနေသူများနှင့် ရက်ကျော်နေထိုင်သူများ၊ နယ်မြေကျော်သွားရောက်သူများမှ မယ်ဆိုင်ချောင်းများမှ တဆင့် ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

အခုလို ကာလမှာ သူတို့ကို ပြန်မလာစေချင်လို့တော့ မဟုတ်ဘူး။ ထိုင်းဘက်မှာက ကိုရိုနာဗိုင်းရပ်စ်က ပြန့်နေတာဆိုတော့ ကူးစက်ခံထားရသူတွေ ပါလာမှာပဲ စိုးရိမ်နေတာ။ တံတားကနေ ဆိုရင် ကျန်းမာရေးက စစ်ဆေးပေးတာတွေရှိပေမဲ့ ချောင်းက ခိုးဝင်လာကြတာတွေကိုတော့ ဘယ်လို စစ်ဆေးမလဲပေါ့နော်။ ဒီလိုတွေအတွက် သက်ဆိုင်ရာတွေနဲ့ အကောင်းဆုံး စီစဉ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)အား မတ်လ(၂၃)ရက်နေ့က စ၍ ပိတ်လိုက်သော်လည်း ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် ပတ်စပိုစ့်၊ ဗီဇာများဖြင့် သွားရောက်နေသည့် မြန်မာနိုင်ငံသားများမှ ချစ်ကြည်ရေး အမှတ်(၁)တံတားက တဆင့် နှစ်ဖက်ညှိနှိုင်းခွင့်ပြုချက် အရ (၅)ရက်အတွင်း (၁၅၀၀)ကျော် ရောက်ရှိလာ၍ ကျန်းမာရေးနှင့် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက စိစစ်လက်ခံပေးခဲ့ခြင်း ဖြစ်သော်လည်း တရားမဝင် ဝင်သွားရောက်သူများနှင့် ရက်ကျော်နေထိုင်သူများသည် မယ်ဆိုင်ချောင်းက တဆင့် ပြန်လာနေကြခြင်း ဖြစ်သည်။

ဒီရက်ပိုင်း ညဘက် (၂)နာရီလောက်ဆို ချောင်းကနေ တက်လာတဲ့အသံတွေ ဖြတ်သွားတဲ့ အသံတွေ။ ခွေးဟောင်သံတွေ ကြားနေရတယ်။ သူတို့ကိုလည်း သနားပါတယ်၊ ဒါပေမဲ့ ပိုးပါလာရင် အားလုံးကို ကူးနိုင်တာဆိုတော့ အတော်လေး စိုးရိမ်တယ်ဗျ။ ဒီကိစ္စကို ဘယ်လို စိစစ်ကိုင်တွယ်မလဲဆိုတာ အရမ်းအရေးကြီးနေတယ်

ဟု မယ်ခေါင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။

မယ်ဆိုင်ချောင်းတစ်လျှောက် လုံခြုံရေးအနေဖြင့် ရပ်ကွက်အလိုက် ပြည်သူ့စစ်ဂိတ်ဟု ခေါ်ဆိုသည့် ဂိတ်များတွင် ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စောင့်ကြပ် စစ်ဆေးနေသော်လည်း မယ်ဆိုင်ချောင်းဘက်က ဝင်ရောက်လာသူများမှ ဂိတ်မရှိသည့် ဂိတ်နှင့် ဝေးသည့်နေရာများမှ တဆင့် ဝင်ရောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့လည်း နေ့ဖက်ရော ညဖက်ရော ခွဲပြီး လှည့်ကင်းလိုမျိုး လှည့်တယ်။ အဲ့လို အချိန်တော့ မတွေ့ဘူး၊ တွေ့တော့လည်း (၂)ယောက် (၃)ယောက်လောက်ကို တွေ့တယ်။ တွေ့တော့ သူတို့ကို အရေးယူဖို့ကလည်း ခက်တယ်၊ ဘာလို့လဲဆိုတော့ အခုလို ကာလမှာ သူတို့လည်း ကိုယ့်နိုင်ငံကိုယ် ပြန်လာတာဆိုတော့ အရေးယူလည်း ယူလို့ ကုန်မှာမဟုတ်တော့ ကျွန်တော်တို့မှာလည်း ကိုယ်အပူချိန်တိုင်းတဲ့ ကိရိယာမရှိတဲ့အခါကျတော့ မဇ္ဈိမလူမှုကူညီရေးအသင်းတို့ ကျန်းမာရေးတို့နဲ့ ချိတ်ပြီး ကိုယ်အပူချိန်တိုင်းကြည့်ပြီး ကိုယ်မပူရင် လွှတ်ပေးလိုက်ရတာတွေရှိတယ်။ ကျွန်တော်တို့လည်း ဟိုဘက်ကနေ ဗိုင်းရပ်စ်ပိုးပါလာမှာကို စိုးရိမ်လို့ စောင့်ကြည့်ပေးနေပါတယ်။

ဟု မယ်ဆိုင်ချောင်းဘေး လုံခြုံရေးတာဝန်ယူထားသည့် အမည်မဖော်လိုသူ တစ်ဦးက ပြောပြသည်။

မယ်ဆိုင်ချောင်းဘေးတစ်လျှောက် မြန်မာဘက်တွင် ပြည်သူ့စစ်ဂိတ်၌ တာဝန်ကျသူများအားလုံးကို တစ်ဖက်ကူးလာသူများထံက ငွေကြေးရယူပြီး ကူးခွင့်မပြုရန် မှာကြားထားပြီး ငွေကြေးရယူကြောင်း သိရှိရပါက အရေးယူမည်ဟု  သတိပေးထားကြောင်း သိရသည်။

လက်ရှိတွင် မယ်ဆိုင်ချောင်းတစ်လျှောက် တရားမဝင် ဝင်ပေါက်များမှ တဆင့် နေ့ရောညပါ ဝင်ရောက်လာသူမျာ းရှိနေသည့် အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများ ပါဝင်လာခြင်း ရှိ မရှိကို စစ်ဆေးပေးနိုင်ရန် ဒေသခံများက လိုလားနေလျက်ရှိကြောင်း နှင့် တာချီလိတ် နှင့် နီးသည့် မယ်ဆိုင်မြို့တွင်လည်း မတ်လ(၂၇)ရက်နေ့ နေ့လည်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် ထိုင်းနိုင်ငံသား (၂)ဦး စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~