မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၃)ဦး ထပ်တိုးလာ၍ (၈)ဦးအထိ ရှိလာ

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၃)ဦး ထပ်တိုးလာ၍ (၈)ဦးအထိ ရှိလာ
မတ် 28, 2020
By Tachileik News Agency
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၃)ဦးထပ်တိုးလာ၍ (၈)ဦးအထိ ရှိလာ

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ(၃)ဦးထပ်တိုးလာသဖြင့် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့ ညပိုင်းတွင် စုစုပေါင်း အတည်ပြုလူနာ (၈)ဦးရှိပြီဖြစ်သည်။

ထပ်မံအတည်ပြုလာသည့် လူနာ (၃)ဦးမှာ နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံမှ အသက် (၅၈)နှစ်အရွယ် အမျိုးသမီး လူနာ (၁)ဦး၊ ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၂၉)နှစ်အရွယ် အမျိုးသားလူနာ (၁)ဦးနှင့် ရန်ကုန်ဆေးရုံကြီးမှ အသက် (၆၀)အရွယ် အမျိုးသမီးလူနာ (၁)ဦးတို့ဖြစ်ကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ မတ်လ (၂၇)ရက်နေ့က ဓာတ်ခွဲစစ်ဆေးမှုအဖြေများထုတ်ပြန်လာသည့် စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၆၂)ဦးအနက် လူနာ (၃) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် (၂၉) နှစ်အရွယ် အမျိုးသား (၁)ဦးသည် တတိယမြောက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနှင့်အတူ ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ မတ်လ (၂၁)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး ဝေဘာဂီအထူးကုဆေးရုံကြီးတွင် မတ်လ (၂၆)ရက်နေ့မှစ၍ အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

ဗဟန်းမြို့နယ်နေ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးသည် မတ်လ(၂၅) ရက်နေ့မှစတင်၍ ချောင်းဆိုးခြင်း၊ အန်ခြင်း လက္ခဏာ များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့(၂၆)ရက်နေ့တွင် လာရောက်ပြသခဲ့ရာ ပြင်းထန် အဆုတ်ရောင်ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြား ထားရှိပြီး အထူးကြပ်မတ်ကုသပေးခဲ့ပြီး ၎င်းမှာ ပြင်သစ်နိုင်ငံသား ခရီးသွားများနှင့်အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့ကြောင်းသိရှိရသည်။

နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးသည် မတ်လ(၁၇) ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ ထွက်ခွာလာကာ ဘန်ကောက်မြို့မှတစ်ဆင့် မတ်လ(၁၈) ရက်နေ့တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ဟိုတယ်တစ်ခုတွင် သီးခြားနေထိုင်၍ Hotel Quarantine ဆောင်ရွက်စဉ် မတ်လ(၂၂) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် ယင်ေးန့မှာပင်  နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကုသပေးနေခြင်းဖြစ်ပြီး အဆိုပါလူနာသည် ဆွစ်ဇာလန်နိုင်ငံတွင် ရောက်ရှိစဉ် မတ်လ(၁၃) ရက်နေ့၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဖြစ်သော ၎င်း၏ ဖခင်နှင့် (၂) နာရီကြာ အနီးကပ် ထိတွေ့ခဲ့သည့်ရာဇဝင်ရှိကြောင်း သိရသည်။

မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် မတ်လ (၂၅)ရက်နေ့က စောင့်ကြည့်လူနာအဖြစ် ကုသပေးနေသည့် အသက် (၃၃)နှစ်အရွယ် အမျိုးသားနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် မတ်လ (၂၅)ရက်နေ့က ကုသမှုခံယူနေသည့် အသက် (၆၉)နှစ်အရွယ် အမျိုးသားတို့ဖြစ်ကြသည်။

အဆိုပါ (၂)ဦးမှာ အမေရိကန်နိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် စင်္ကာပူနိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင်ရှိသူများဖြစ်ကြောင်း သိရသည်။

ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၂)ဦးမှာ  မတ်လ (၂၃)ရက်နေ့တွင် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်ကုသမှုခံယူနေသည့် အမေရိကန်ပြည်ထောင်စုမှ ပြန်လာသော အသက် (၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝေဘာဂီအထူးကုဆေးရုံတွင် ကုသမှုခံယူနေသည့် အင်္ဂလန်နိုင်ငံမှ ပြန်လာသော အသက် (၂၆)နှစ်အရွယ် အမျိုးသားလူနာတို့ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုမှ ပြန်လာသည့် အမျိုးသားမှာ တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံတွင် မတ်လ (၂၁)ရက်နေ့ကတည်းက စတင်ကုသမှုခံယူနေပြီး အင်္ဂလန်နိုင်ငံမှ ပြန်လာသည့် အမျိုးသားမှာ ဝေဘာဂီအထူးကုဆေးရုံ၌ မတ်လ (၂၃)ရက်နေ့ကစ၍ ကုသမှုခံယူနေသူဖြစ်ကြောင်း သိရသည်။

ယင်းနောက် မတ်လ (၂၄)ရက်နေ့တွင် တတိယမြောက် အတည်ပြုလူနာအဖြစ် တွေ့ရသည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် (၂၆) နှစ်အရွယ် အမျိုးသားသည် မတ်လ (၂၁)ရက်နေ့တွင် အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့ကာ ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်း ရောဂါလက္ခဏာများဖြင့် မတ်လ(၂၃) ရက်နေ့၌ အင်းစိန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ ကုသပေးကာ မတ်လ (၂၄)ရက်နေ့က ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ ဆေးရုံအသီးသီးတွင် မတ်လ (၂၆)ရက်နေ့ ညနေ (၆) နာရီမှ မတ်လ (၂၇)ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၇) ဦးထပ်တိုးလာသဖြင့် ည (၈)နာရီအချိန်ထိ စောင့်ကြည့်လူနာ စုစုပေါင်း (၆၈)ဦးရှိနေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~