တာချီလိတ်တွင် ကိုယ်အပူချိန်မြင့်၍ စစ်ဆေးထားသည့် တရုတ်နိုင်ငံသား၌ ကိုရိုနာသံသယ လက္ခဏာ မတွေ့ရ

တာချီလိတ်တွင် ကိုယ်အပူချိန်မြင့်၍ စစ်ဆေးထားသည့် တရုတ်နိုင်ငံသား၌ ကိုရိုနာသံသယ လက္ခဏာ မတွေ့ရ
မတ် 15, 2020
By Tachileik News Agency
တာချီလိတ်တွင် ကိုယ်အပူချိန်မြင့်၍ စစ်ဆေးထားသည့် တရုတ်နိုင်ငံသား၌ ကိုရိုနာသံသယ လက္ခဏာ မတွေ့ရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့၌ တရုတ်နိုင်ငံ ကူမင်းမြို့မှ ဝင်လာသည့် တရုတ်နိုင်ငံသား (၂)ဦးတွင် တစ်ဉီးမှာ ကိုယ်အပူချိန်မြင့်နေသဖြင့် ကျန်းမာရေးအဖွဲ့က စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး သံသယလက္ခဏာများ မတွေ့ရကြောင်း အတည်ပြုချက် ထုတ်ပြန်ထားသည်။

ကျွန်တော်တို့ ဗဟိုကူးစက်အထိ ဒီကိစ္စကို တင်ပြပြီး ဝိုင်းပြီး တိုင်ပင်ဆွေးနွေးပါတယ်။ သူတို့က ဖျားလည်း မဖျားဘူး။ လွန်ခဲ့တဲ့ (၁၄)ရက်အတွင်း အတည်ပြုလူနာနဲ့လည်း ဆက်စပ်မှု မရှိဘူး ဆိုတဲ့အတွက် ကျွန်တော်တို့ ဆေးရုံခေါ်ဖို့တော့ မရှိပါဘူး ခင်ဗျ။ နောက် ဒီလူတွေကိုတော့ ကျန်းမာရေးဌာနက အဆက်မပြတ်တော့ စောင့်ကြည့်သွားမှာပါ။ သူတို့ ဒီမှာရှိနေစဉ်ကာလအတွင်း ကျန်းမာရေးအဖွဲ့တွေက မနက်၊ ည စစ်ဆေးပြီး တင်ပြသွားဖို့ ဆုံးဖြတ်ထားပါတယ်

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၁၅)ရက်နေ့ ညပိုင်းတွင် ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသား (၂) ဦးသည် တာချီလိတ်မြို့တွင် ဟိုတယ်တစ်ခု၌ တည်းခိုနေထိုင်စဉ် မတ်လ (၁၅)ရက်နေ့၌ ဟိုတယ်က ကိုယ်အပူချိန် တိုင်းတာစစ်ဆေးရာ (၃၈) ဒီကရီစင်တီဂရိတ် ကျော်နေသဖြင့် ဆေးရုံပို့ရန် တိုက်တွန်းစဉ် ငြင်းဆန်ပြီး ဟိုတယ်မှ ထွက်သွားကြသဖြင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့် ရွှေတြိဂံဇုန်ဟိုတယ်အသင်းတို့  ချိတ်ဆက်ရှာဖွေပြီးနောက် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ ရောဂါလက္ခဏာများ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

နေ့လယ်က တိုင်းတုန်းက (၃၈) ဒီဂရီစင်တီဂရိတ်ပေါ့။ ခဏနားပြီး ပြန်တိုင်းတော့ (၃၇.၆) ပေါ့။ နှာစေး၊ ချောင်းဆိုး၊ ဖျားတာတော့ မရှိဘူး။ ကိုယ်အပူချိန်က နေပူထဲက လာတာတို့ဘာတို့ဆို ရံဖန်ရံခါ မြင့်နေတာမျိုး ဖြစ်တတ်တယ်။ သေချာအောင် (၁၅)မိနစ်ခြားလောက် ပြန်တိုင်းပြီး အတည်ပြုရတာပေါ့။ ဒီမှာ အခုလိုပဲ ကိုယ်အပူချိန်မြင့်တယ်လို့ အကြောင်းကြားလို့ သွားစစ်ပေးတာ အခုနဲ့ဆို (၅)ခုရှိပြီ။ ကျွန်တော်တို့ သွားစစ်ဆေးတဲ့ အခါ သံသယလက္ခဏာ မတွေ့ရဘူးပေါ့နော်။ တစ်ခုခုဆိုရင် စောင့်ကြည့်ကုသတာတွေ လုပ်ပေးနိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်

ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယနေ့ စစ်ဆေးခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား (၂)ဦးသည် တရုတ်နိုင်ငံ ကူမင်းမြို့မှ မတ်လ (၁၀)ရက်နေ့တွင် စတင်ထွက်ခွာလာပြီး မန်စီမြို့မှတစ်ဆင့် မန္တလေးမြို့သို့ မတ်လ (၁၁)ရက်နေ့တွင်လည်းကောင်း မန္တလေးမြို့မှ တာချီလိတ်မြို့သို့ မတ်လ (၁၂)ရက်နေ့တွင်လည်းကောင်း ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~