ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် လူစုလူဝေး ရှောင်ရှားရေးအတွက် သီပေါ ဘော်ကြိုဘုရားပွဲ ယခုနှစ် မကျင်းဖြစ်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် လူစုလူဝေး ရှောင်ရှားရေးအတွက် သီပေါ ဘော်ကြိုဘုရားပွဲ ယခုနှစ် မကျင်းဖြစ်
မတ် 3, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် လူစုလူဝေး ရှောင်ရှားရေးအတွက် သီပေါ ဘော်ကြိုဘုရားပွဲ 
ယခုနှစ် မကျင်းဖြစ်

တရုတ်နိုင်ငံတွင် စတင်ခဲ့ပြီး နိုင်ငံပေါင်း (၇၀) ကျော်ကိုပျံ့နှံ့နေသည့် COVID 19 ကြောင့် ရှမ်းပြည်နယ် ( မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာတွင် ဘော်ကြိုမုဌောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပတော့မည် မဟုတ်ကြောင်း ဘော်ကြိုဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ကူးစက်မြန်ရောဂါအန္တရာယ်ကြောင့် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ မလုပ်သင့်တဲ့အကြောင်းကြောင့် ပွဲတော်ကို ရပ်ဆိုင်းပေးဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနရော၊ သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနကရော မတ်လ (၂) ရက်နေ့မှာ စာနဲ့တကွအကြောင်းကြားလာတဲ့အတွက် ခါတိုင်းနှစ်တွေလို ဘော်ကြိုဘုရားပွဲတော်ကို စည်စည်ကားကား ကျင်းပတော့မှာ မဟုတ်ပါဘူး။ မတ်လ (၃) ရက်နေ့မှာကတော့ ဘော်ကြိုဘုရားမှာ အသံမစဲ ပဌာန်းပွဲစတင်ပြုလုပ်တာပဲရှိပါတယ်။ အဲဒါကလည်း ပျော်ပွဲရွှင်ပွဲ မဟုတ်ပါဘူး။ ပဌာန်းရွတ်ဖို့သက်သက်ပဲ ပြုလုပ်တာပါ။ အရင်နှစ်တွေလို တပေါင်းပွဲဆိုပြီး မလုပ်ဖြစ်တော့ဘူး

ဟု ဘော်ကြိုဘုရားဂေါပကအဖွဲ့မှ ဒုတိယ ဥက္ကဌ ဦးစိုင်းအုန်းကြွယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် (COVID 19)  ရောဂါ ပြန့်ပွားကူးစက်မည်ကို စိုးရိမ်သည့်အတွက် ဘော်ကြိုဘုရားပွဲတော်ကို ကျင်းပတော့မည် မဟုတ်ဘဲ ကြိုတင်ငှားရမ်းထားသော မြန်မာ၊ ရှမ်း ဇာတ်သဘင်အဖွဲ့များကိုလည်း ကြိုတင်ပေးသွင်းထားသော စရံငွေ စုစုပေါင်း ကျပ်သိန်း (၁၄၀) ကို အရှုံးခံ၍ မလာရောက်တော့ရန် တားမြစ်ထားပြီးဖြစ်ကြောင်း သိရသည်။

ပွဲတော်ရပ်နားမည့် သတင်းကြောင့် ပွဲတော်တွင် လာရောက်ရောင်းချရန် စာရင်းပေးသွင်းထားသော ဈေးဆိုင်ခန်းအရေအတွက်၏ လေးပုံတစ်ပုံခန့်သာ လာရောက်ဖွင့်လှစ်ရောင်းချနေပြီး မတ်လ (၃)ရက်နေ့အထိ ပွဲတော်သို့ လာရောက်သူထက် အသံမစဲပဌာန်းပွဲကို လာရောက်လှူဒါန်းသူအချို့သာရှိကြောင်း သိရသည်။

ဘော်ကြိုဘုရားပွဲတော် ကျင်းပတော့မည် မဟုတ်ဘဲ အသံမစဲပဌာန်းပွဲကို မတ်လ (၃) ရက်နေ့ နံနက်ပိုင်းက စတင်ခဲ့ပြီး မတ်လ (၈) ရက်နေ့ နေ့လယ် (၁)နာရီတွင် ပိတ်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲ ( တပေါင်းပွဲတော် ) တွင် မြန်မာဇာတ်သဘင်နှင့် ရှမ်းဇာတ်သဘင်များပါဝင်ကျင်းပလေ့ရှိသည့်အပြင် အနယ်နယ်အရပ်ရပ်မှ ဈေးဆိုင်ခန်းပေါင်း (၁၀၀၀) ကျော်အထိ လာရောက်ဖွင့်လှစ်ရောင်းချလေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~