ရှမ်းပြည်နယ်တွင်းမှ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ (၂)ဦး ဓါတ်ခွဲအဖြေစောင့်ဆိုင်းနေ

ရှမ်းပြည်နယ်တွင်းမှ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ (၂)ဦး ဓါတ်ခွဲအဖြေစောင့်ဆိုင်းနေ
ဖေဖော်ဝါရီ 4, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်းမှ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ (၂)ဦး ဓါတ်ခွဲအဖြေစောင့်ဆိုင်းနေ

ရှမ်းပြည်နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၄)ရက်နေ့အထိတွေ့ရှိထားသည့် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ (၂)ဦးကို သီးခြားခန်းများတွင် ထားရှိကာ ဓါတ်ခွဲခန်းအဖြေကို စောင့်နေကြောင်း သိရသည်။

"ဒီနေ့အထိ ထုတ်ပြန်ထားတဲ့သတင်းထဲမှာ သံသယလူနာ (၈)ယောက်ရှိတယ်။ (၈)ယောက်ထဲကမှ ဝေဘာဂီကတစ်ယောက်က negative ဖြစ်သွားပြီဆိုတော့ သူက မလိုတော့ဘူးပေါ့နော်။ သူနဲ့နွှယ်ပြီးတော့ ဝေဘာဂီကိုရောက်နေတဲ့ နှစ်ယောက်ကလည်း အခြေအနေကောင်းနေတာပေါ့။ အဲဒီ (၈)ယောက်ထဲမှာ ကျွန်တော်တို့ ရှမ်းက (၂)ယောက် ရှိတာပေါ့။ ကျိုင်းတုံက တစ်ယောက်ရယ်၊ နမ္မတူက တစ်ယောက်ပေါ့။ နမ္မတူကတစ်ယောက်ကတော့ အာခေါင်တို့ပတ်ယူပြီး ဓါတ်ခွဲခန်းပို့ထားပြီ။ ရန်ကုန်ပို့လိုက်ပြီ။ အဲဒီကနေ ဟိုဘက်ကို ဆက်ပို့မှာပေါ့။ လောလောဆယ်တော့ ရှမ်းကတော့ (၂)ယောက်ပေါ့"

ဟု  ပြည်နယ်အဆင့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ ပန်ဝိုးကျေးရွာတွင် တရုတ်နိုင်ငံ၊ မုံးတိန်မြို့မှ ပြန်လာသည့် အသက် (၄၅)နှစ် အရွယ်အမျိုးသားတစ်ဦးသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း စသည့်ရောဂါလက္ခဏာများဖြင့် နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖေါ်ဝါရီလ (၁)ရက်နေ့က ရောက်ရှိလာရာ တရုတ်နိုင်ငံ သွားဖူးသူဖြစ်၍ သံသယလူနာအဖြစ် သီးခြားခန်းတွင် စောင့်ကြည့်ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် တရုတ်နိုင်ငံ စီချွမ်မှပြန်လာသည့် မိသားစုမှ အသက် (၂)နှစ်ကျော်အရွယ်ကလေးငယ်မှာ ကိုယ်ပူချိန်မြင့်တက်ခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများဖြင့် ဖေဖေါ်ဝါရီလ (၁)ရက်နေ့က ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ရောက်လာ၍ အာခေါင်တို့ပတ်ရယူကာ ဓါတ်ခွဲခန်းပို့စစ်ထားပြီး သီးခြားခန်းတွင် စောင့်ကြည့်ကုသပေးနေကြောင်းသိရသည်။

သံသယလူနာများထံမှ ဓာတ်ခွဲနမူနာများရယူ၍ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ ရှိ၊ မရှိ အတည်ပြုစစ်ဆေးနိုင်ရေးအတွက် ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်းဆောင်ရွက်နေစဉ်ကာလအတွင်း သံသယလူနာများကို သီးခြားကုသခန်းများတွင် ထားရှိခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~