ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် ဓါတ်ခွဲခန်း အဖြေစောင့်နေသူ (၃)ဦးအနက် (၁)ဦး ဓါတ်ခွဲအဖြေရရှိ

ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် ဓါတ်ခွဲခန်း အဖြေစောင့်နေသူ (၃)ဦးအနက် (၁)ဦး ဓါတ်ခွဲအဖြေရရှိ
ဖေဖော်ဝါရီ 17, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် ဓါတ်ခွဲခန်းအဖြေစောင့်နေသူ (၃)ဦးအနက် (၁)ဦး ဓါတ်ခွဲအဖြေရရှိ

ရှမ်းပြည်နယ်အတွင်းမှ COVID 19 (ကိုရိုနာဗိုင်းရပ်စ်)သံသယဖြင့် ဓါတ်ခွဲပို့စစ်ထားသည့် လူနာ (၃)ဦးရှိသည့် အနက် ၂၀၂၀ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့က မိုင်းခတ်မြို့နယ်ပြည်သူ့ဆေးရုံမှ အမျိုးသားလူနာမှာ ရောဂါကင်းရှင်းကြောင်း အဖြေရလာသဖြင့် ဓါတ်ခွဲအဖြေစောင့်နေသည့် လူနာ (၂) ဦးသာ ကျန်ရှိကြောင်း သိရသည်။

မိုင်းခတ်ဆေးရုံက လူနာက negativeလို့ ဒီနေ့ ဓါတ်ခွဲအဖြေရတယ်။ မနက်ဖြန် ညနေပိုင်းလောက်တော့ ဆေးရုံဆင်းပေးဖြစ်မယ်။ သူ့ကိုလည်း နေရပ်ပြန်ပို့တဲ့အခါ သက်ဆိုင်ရာဒေသ တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးမှူးတွေက လိုက်ပို့ပြီး အဲဒီဒေသမှာ ကျန်းမာရေးအသိပေးဆွေးနွေးတာပါ တစ်ခါထဲလုပ်သွားမှာပါ

ဟု ပြည်နယ်အဆင့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့က ပြောသည်။

ရှမ်းပြည်နယ်အတွင်း COVID 19 ဗိုင်းရပ်စ်ကူးစက်ခံရသည့် သံသယဖြင့် ဓါတ်ခွဲခန်းပို့စစ်ထားသည့် လူနာ (၃)ဦး ရှိသည့်အနက် မိုင်းခတ်ပြည်သူ့ဆေးရုံမှ အသက် (၃၆)နှစ်အရွယ် အမျိုးသားတွင်  ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရကြောင်း WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး)၏ ရည်ညွှန်းဓါတ်ခွဲခန်းမှ ပြန်လည်ပေးပို့သည့် ဓါတ်ခွဲအဖြေကို ဖေဖေါ်ဝါရီလ(၁၆)ရက်နေ့က ရရှိခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် COVID 19 ဗိုင်းရပ်စ်ပိုး အသစ်ကြောင့် အဆုတ်ရောင်ရောဂါဖြစ်ပွားမှုမှာ တရုတ်နိုင်ငံတွင်သာမက ရောဂါကူးစက်ပျံ့ပွားစဉ် ကာလအတွင်း ဝူဟန်မြို့သို့ ရောက်ခဲ့သူများနှင့် ဝူဟန်မှအခြားဒေသသို့ သွားလာလည်ပတ်သူများမှတစ်ဆင့် အခြားနိုင်ငံများသို့ပါ ကူးစက်ခဲ့သဖြင့် ကမ္ဘာ့အရေးပေါ်အခြေအနေအဖြစ် WHO က ကြေညာထားခဲ့ရခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ကြေညာထားသဖြင့် COVID 19 အားထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတစ်နိုင်ငံချင်း ဖြေရှင်းခြင်းအစား ကမ္ဘာ့နိုင်ငံများ ပူးပေါင်းဖြေရှင်းနေကြခြင်း ဖြစ်သည်။

ဗိုင်းရပ်စ်ပိုးအသစ်ကို ဓါတ်ခွဲစစ်ဆေးနိုင်မည့် ဓါတ်ခွဲခန်းမရှိသည့်နိုင်ငံများအနေဖြင့် WHO က ရည်ညွှန်းထားသည့် ဓါတ်ခွဲခန်းများသို့ ဓါတ်ခွဲနမူနာပို့စစ်နေခြင်းဖြစ်သည်။

COVID 19 (ကိုရိုနာဗိုင်းရပ်စ်) ကူးစက်ခံရသူအရေအတွက်မှာ နိုင်ငံပေါင်း (၂၅)နိုင်ငံသို့ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့အကူး နံနက်(၂)နာရီအချိန် အထိ စုစုပေါင်း (၆၉၂၇၈)ဦးရှိသည့်အနက် သေဆုံးသူ (၁၆၇၀)ဦးနှင့် ပြန်လည်ကျန်းမာလာသူ (၉၄၆၇)ဦး ရှိပြီဖြစ်ကြောင်း South China Morning Post က ဖေါ်ပြသည့်စာရင်းအရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်တွင် ဂျပန်မှ (၁)ဦး၊ ဖီလစ်ပိုင်မှ (၁)ဦး၊ ဟောင်ကောင်မှ (၁)ဦး၊ တိုင်ဝမ် (၁)ဦးနှင့် ပြင်သစ်မှ (၁)ဦးတို့ ပါဝင်ပြီး ကျန်အရေအတွက်မှာ တရုတ်ပြည်မကြီးမှဖြစ်သည်။

Tachileik News Agency
သတင်း - အင်မိုင်ခ

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~