ကျိုင်းတုံမြို့တွင် တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အမျိုးသမီးနှစ်ဦး ရောက်နေသည်ဟု သတင်းမှားများထွက်နေ၍ ကျန်းမာရေးဌာနက စစ်ဆေးထား

ကျိုင်းတုံမြို့တွင် တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အမျိုးသမီးနှစ်ဦး ရောက်နေသည်ဟု သတင်းမှားများထွက်နေ၍ ကျန်းမာရေးဌာနက စစ်ဆေးထား
ဖေဖော်ဝါရီ 18, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အမျိုးသမီးနှစ်ဦး ရောက်နေသည်ဟု သတင်းမှားများထွက်နေ၍ ကျန်းမာရေးဌာနက စစ်ဆေးထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းလတ်ကျေးရွာအုပ်စု၊ ပန်ဆန်းကျကျေးရွာတွင် တရုတ်နိုင်ငံမှ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသည့် အမျိုးသမီး (၂)ဦးပြန်လာသည်ဟု ကောလဟာလသတင်းများ ထွက်နေသဖြင့် ကျန်းမာရေးဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့တွင် သွားရောက် စစ်ဆေးထားကြောင်း သိရသည်။

“မနက်က ကောလဟာလထွက်တာ သတင်းရတော့ ကျွန်တော်တို့ ကျန်းမာရေးဌာနကရော၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကရော ချက်ချင်း လူနာတွေနေတယ်လို့ သတင်းရတဲ့နေရာကို ကွင်းဆင်းတယ်။ အဲဒီမှာ ကာယကံရှင် အမျိုးသမီးတွေက တရုတ်ပြည်က ပြန်လာတာတော့ဟုတ်တယ်။ ဒါပေမဲ့ ဖျားလည်း မဖျားဘူး၊ ချောင်းလည်းမဆိုးဘူး၊ အအေးမိတဲ့လက္ခဏာတွေတော့မရှိဘူး။ သူတို့ကို နေရထိုင်ရမယ့် နည်းလမ်းတွေ ပြောပြတယ်။ မိသားစုဝင်တွေ လိုက်နာနေထိုင်ရမယ့် နည်းလမ်းတွေ ပြောပြတယ်။ အခုလောလောဆယ်တော့ အိမ်မှာပဲ (၁၄)ရက်သီးခြားနေဖို့နဲ့ ကျွန်တော်တို့ဌာန ကျန်းမာရေးဆရာမနဲ့ ရပ်ကွက် အုပ်ချုပ်ရေးက သူတို့ရဲ့ မနက်၊ ည ကျန်းမာရေးအခြေအနေကို (၁၄)ရက်ပြည့်သည်အထိ စောင့်ကြည့်သွားမယ်။ ကောလဟာလကတော့ ပိုးတွေပဲတွေ့ထားသလိုလို ရေးနေတာတော့ မဟုတ်ဘူး”ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးမှာ တရုတ်နိုင်ငံဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် ကုသမှုခံယူနေရာမှ ထွက်ပြေးလာသည်ဟုဆိုကာ အမျိုးသမီးနှစ်ဦး၏ ဓါတ်ပုံများ၊ မှတ်ပုံတင်ပုံများနှင့်အတူ Wechat ၊ Facebook တို့တွင် ရေးသား၊ မျှဝေသူများကို တွေ့နေရခြင်းဖြစ်သည်။

“ကောလဟာလနဲ့ပတ်သက်လို့ ကူးစက်ဥပဒေအသစ်မှာတော့ ပါတယ်။ မူကြမ်းမှာပေါ့နော်။ ကောလဟာလနဲ့ ပတ်သက်ရင် ဒါက အင်မတန် အန္တရာယ်ကြီးတဲ့အပြင် ကျွန်တော်တို့ ပုံမှန်ဆောင်ရွက်ရမယ့်ဟာတွေကိုလည်း အနှောင့်အယှက်ဖြစ်စေတာပေါ့နော်။ ကောလဟာလနဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့ သက်ဆိုင်ရာ အထက်ကို ဆက်ပြီးတင်ပြဆောင်ရွက်သွားပါမယ်”ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးမှာ တရုတ်နိုင်ငံ၊ အယိင်ရွှေမြို့မှ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ ညနေ (၄) နာရီ ဝန်းကျင်တွင် ကျိုင်းတုံမြို့ မိုင်းလတ်ကျေးရွာအုပ်စု၊ ပန်ဆန်းကျကျေးရွာသို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရပြီး တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ပြန်ဝင်လာချိန်တွင် မိုင်းယန်း၊ မိုင်းဖျန်ဂိတ်ပေါက်၌ ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့ပြီး လက်ရှိတွင်လည်း ကျန်းမာရေး ကောင်းမွန်နေကြကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျန်းမာရေး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~