တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် စစ်ဆေးကုသနေသည့် ကိုရီးယားနိုင်ငံသား၏ ရောဂါအဖြေအရ ကော်ရိုနာဗိုင်းရပ်စ် သံသယလူနာ စာရင်းမှ ပယ်ဖျက်

တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် စစ်ဆေးကုသနေသည့် ကိုရီးယားနိုင်ငံသား၏ ရောဂါအဖြေအရ ကော်ရိုနာဗိုင်းရပ်စ် သံသယလူနာ စာရင်းမှ ပယ်ဖျက်
ဖေဖော်ဝါရီ 2, 2020
By 🌸

တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် စစ်ဆေးကုသနေသည့် ကိုရီးယားနိုင်ငံသား၏ ရောဂါအဖြေအရ ကော်ရိုနာဗိုင်းရပ်စ် သံသယလူနာ စာရင်းမှ ပယ်ဖျက်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ကိုရီးယားနိုင်ငံသားတစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂)ရက်နေ့ နေ့လယ်ပိုင်းတွင် ကော်ရိုနာ ဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) သံသယလူနာအဖြစ် ပို့ဆောင်စစ်ဆေးပြီး ရောဂါအဖြေအရ ကော်ရိုနာဗိုင်းရပ်စ်သံသယလူနာစာရင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“သူ့ကို ဓါတ်မှန်ရိုက်လိုက်တာရယ်၊ သွေးစစ်တာရယ် အခြေအနေအရ သံသယဖြစ်ဖွယ် လူနာမဟုတ်ကြောင်း အတည်ပြုလိုက်တယ်။ ဒါပေမဲ့ သူ့ကို အခုတော့ စောင့်ကြည့်ကုသအခြေအနေမှာ ထားထားပါတယ်”

ဟု ပြည်နယ်အဆင့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖေဖေါ်ဝါရီလ (၂)ရက်နေ့ ညနေ (၄)နာရီ မိနစ် (၂၀)တွင် တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

ညောင်ရွှေမြို့သို့ လာရောက်လည်ပတ်နေသည့် ကိုရီးယားနိုင်ငံသား အမျိုးသားမှာ နှာစေး၊ ချောင်းဆိုးဖြစ်၍ ခရီးသွားလာခဲ့သည့်ဒေသများအား စစ်ဆေးရာ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းမရှိသော်လည်း ပုဂံတွင် လည်ပတ်စဉ် တရုတ်နိုင်ငံသားများနှင့် နီးနီးကပ်ကပ်နေခဲ့ကြောင်း ပြောပြသဖြင့် ကော်ရိုနာဗိုင်းရပ်စ်သံသယလက္ခဏာများ စစ်ဆေးနိုင်ရန် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုရီးယားနိုင်ငံသားသည် ကိုရီးယား - လာအို - ချင်းမိုင် - မြဝတီ - ရန်ကုန် - ပုဂံ - မန္တလေး - ညောင်ရွှေ - ကလော ခရီးစဉ်လည်ပတ်နေခြင်းဖြစ်ကြေင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိစေရန် ရောဂါသံသယလက္ခဏာများတွေ့ရပါက ကျန်းမာရေးဦးစီးဌာနသို့ဆက်သွယ်ရန် နှိုးဆော်ထားခြင်းဖြစ်ရာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသို့ လာရောက်သည့် လူနာများတွင် သံသယလက္ခဏာများ စစ်ဆေးရန်လိုအပ်သည့် လူနာများတွေ့ရပါက ပြည်သူ့ဆေးရုံကြီးများသို့ ဆက်သွယ်အကြောင်းကြားပေးနေကြကြောင်း သိရသည်။

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင်ခြင်း (ဝူဟန်အဆုတ်ရောင်ရောဂါ) သံသယလက္ခဏာများဖြစ်သည့် ကိုယ်အပူချိန် (၃၈) ဒီဂရီစင်တီဂရိတ်နှင့် အထက်ရှိခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်းနှင့် အားအင်ကုန်ခမ်းခြင်းများဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် အမြန်ဆုံးသတင်းပို့ ကုသမှုခံယူကြရန် ကျန်းမာရေးဦးစီးဌာနက သတိပေးနှိုးဆော်ထားသည်။
Tachileik News Agency
သတင်း ချယ်ရီထိုက်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~