မူဆယ်တွင် တရုတ်မှပြန်ဝင်လာသည့် မြန်မာလုပ်သား ၁၂၈ ဦးကို ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်ထား

မူဆယ်တွင် တရုတ်မှပြန်ဝင်လာသည့် မြန်မာလုပ်သား ၁၂၈ ဦးကို ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်ထား
ဇန်နဝါရီ 30, 2020
By Tachileik News Agency

 မူဆယ်တွင် တရုတ်မှပြန်ဝင်လာသည့် မြန်မာလုပ်သား (၁၂၈)ဦးကို ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်ထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နှင့်နယ်စပ် တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲအတွင်းမှ နေရပ်ပြန်လိုသည့် မြန်မာလုပ်သား (၁၂၈)ဦး မြန်မာကောင်စစ်ဝန်ချုပ်ရုံးအကူအညီဖြင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့တွင် မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိလာသဖြင့် ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်ပေးထားကြောင်း သိရသည်။

“အဲဒီ မြန်မာတွေက မန်စီနားက သစ်ခွခြံမှာ အလုပ် လုပ်နေကြတာ။ တရုတ်နှစ်ကူးပိတ်တော့ တစ်ချို့တွေက ပြန်တယ်။ တစ်ချို့တွေက မပြန်ဘူးပေါ့ဗျာ။ အခု တရုတ်မှာ ဝူဟန်ရောဂါကလည်းဖြစ်တော့ သူတို့ပြန်ချင် ကြတယ်။ လမ်းတွေကလည်း ပိတ်ထားတော့ သူတို့အလုပ်ရှင်ကလည်း ပြန်မပို့နိုင်ဘူး။ လိုက်မပို့နိုင်တော့ သူတို့ကောင်စစ်ဝန်ချုပ်ရုံးနဲ့ ချိတ်မိသွားတယ်။ ချိတ်မိသွားတော့ ကူမင်းကောင်စစ်ဝန်ချုပ်ရုံးကနေပြီးတော့ အဲဒီမှာ တယ်ဟုန်ပြည်နယ်ခွဲ တာဝန်ရှိသူတွေနဲ့ဆွေးနွေးပြီးတော့ မူဆယ်ခရိုင် ကျွန်တော်တို့နဲ့ ပြန်ပေါင်းစပ်ပြီးတော့ သူတို့ကို ပြန်ပြီး ပို့ဆောင်ပေးတာပါ။ လူကုန်ကူးတာလည်း မဟုတ်ဘူး။ ဖမ်းဆီးတာလည်း မဟုတ်ဘူး။ သူတို့အိမ်ပြန်ချင်တယ်။ လတ်တလောမှာလည်း တရုတ်ထဲမှာ ပြည်နယ် တစ်ခုနဲ့တစ်ခု ဖြတ်သန်းသွားလာခွင့်က ပိတ်ထားတယ်လေ” 

ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားများအား မူဆယ်မြို့တွင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ပြီး နေထိုင်စားသောက်ရေးနှင့် နေရပ်ပြန်နိုင်ရေးတို့ကို ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးကြသည်ဟု သိရသည်။

“သူတို့ကို ကျွန်တော်တို့ ဒီဘက်က ကြိုတယ်။ ကျန်းမာရေးဦးစီးဌာနက စစ်ဆေးတာ နေရပ်လိပ်စာယူတာ လုပ်စရာရှိတာတွေ လုပ်တယ်။ မနေ့က ထမင်းကျွေးတယ်၊ အိပ်စရာနေရာဖန်တီးပေးတယ်။ ဒီက လူမှုရေးအဖွဲ့တွေကလည်း အားတက်သရော ကူညီကြပါတယ်။ ဒီနေ့လည်း အလှူက ထမင်းဖိတ်ကျွေးပြီးတော့ နေရပ်ဒေသအသီးသီး ပြန်သွားကြပါတယ်” 

ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက ပြောသည်။

တရုတ်နိုင်ငံမှ နေရပ်ပြန်လိုကြောင်း မြန်မာကောင်စစ်ဝန်ချုပ်ရုံးထံ ဆက်သွယ်အကူအညီတောင်းလာသဖြင့် ယူနန်ပြည်နယ် သက်ဆိုင်ရာ ပြည်နယ်ခွဲအစိုးရများ၊ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ပြည်နယ်အစိုးရ တာဝန်ရှိသူများနှင့် ဆက်သွယ်ညှိနှိုင်းပြီး ပေါင်စန်းပြည်နယ်ခွဲရှိ မြန်မာလုပ်သား (၁၀၅၇) ဦးကို ဇန်နဝါရီလ (၂၈)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း ကချင်ပြည်နယ် ကန်ပိုက်တီးနယ်စပ်ဂိတ်မှ ပြန်လည် ပို့ဆောင် ပေးထားကြောင်း သိရသည်။

တရုတ်နိုင်ငံတွင်း ရောဂါမပျံ့နှံ့စေရန် ပြည်နယ်များအကြား လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားသဖြင့်  တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အကူအညီလိုအပ်ပါက အောက်ပါဖုန်းများသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ပေကျင်းမြို့ မြန်မာသံရုံး

ဖုန်း +86 010 65320360 ၊ +86 18301614095
အီးမေးလ် - [email protected]၊ 

ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး

+86 87168162814၊ +86 17687001874
အီးမေးလ် [email protected]၊ 

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး

+86 7715672845 ၊ +86 18577145939
အီးမေးလ် [email protected] ၊ 

ဟောင်ကောင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး

+852 28450810၊ +852 5499825
အီးမေးလ် [email protected]  

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~