မူဆယ်မြို့ရှိ နယ်စပ်ဝင်ထွက်ပေါက် ၆ ခုလုံးတွင် ဝူဟန်အဆုတ်ရောင်ရောဂါ ဝင်ရောက်ခြင်းမရှိစေရန် စစ်ဆေးမှုများ လုပ်ဆောင်နေ

မူဆယ်မြို့ရှိ နယ်စပ်ဝင်ထွက်ပေါက် ၆ ခုလုံးတွင် ဝူဟန်အဆုတ်ရောင်ရောဂါ ဝင်ရောက်ခြင်းမရှိစေရန် စစ်ဆေးမှုများ လုပ်ဆောင်နေ
ဇန်နဝါရီ 26, 2020
By Tachileik News Agency

မူဆယ်မြို့ရှိ နယ်စပ်ဝင်ထွက်ပေါက် ၆ ခုလုံးတွင် ဝူဟန်အဆုတ်ရောင်ရောဂါ ဝင်ရောက်ခြင်းမရှိစေရန် စစ်ဆေးမှုများ လုပ်ဆောင်နေ

တရုတ်နိုင်ငံနှင့်နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့သို့ ဝူဟန် အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူများ ဝင်ရောက်ခြင်း မရှိစေရန် ကျန်းမာရေး စောင့်ကြည့် စစ်ဆေးခြင်းများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် နယ်စပ်ဂိတ် (၆)ခုလုံး၌ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ (၁၅) ရက်နေ့ကတည်း ကစပြီး နန်းတော်ဂိတ်မှာ Thermal Scan (ကိုယ်အပူချိန်တိုင်းသည့်စက်) နဲ့ စပြီးစစ်ဆေးနေပါတယ်။ ကျန်တဲ့ ဆင်ဖြူဂိတ်၊ မန်ဝိန်းဂိတ်တို့မှာတော့ မနေ့ကစပြီးတော့ ကျန်းမာရေး ဝန်ထမ်းအဖွဲ့တွေနဲ့ စောင့်ကြည့်စစ်ဆေးတာလုပ်တယ်။ ဒီနေ့မှာတော့ မန်ဟီးရိုးဂိတ်ရယ်၊ ပန်ဆိုင်း - ကြူကုတ် ဂိတ်ရယ်၊ ကျင်ဆန်းကျော့ဂိတ်ရယ်ကို ဒီနေ့စပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောင့်ကြည့်ဖို့ လုပ်ထားပါပြီ”

ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များအနက် လူအဝင်အထွက်အများဆုံးဖြစ်သည့် နန်းတော်ဂိတ်တွင် Thermal Scan တစ်ခုကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့မှစ၍  ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တပ်ဆင်ထားပြီး နေ့စဉ် နံနက်(၇)နာရီမှ ညနေ(၅)နာရီ အချိန်အထိ စစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ကျန်နယ်စပ်ဂိတ်များတွင် ကျန်းမာရေးဝန်ထမ်းများက သာမိုမီတာများဖြင့် ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ မူဆယ်နှင့် တရုတ်နိုင်ငံ ရွှေလီမြို့တို့ကြား ပုံမှန်ကူးသန်းသွားလာမှုများရှိနေပြီး နယ်စပ်ဝင်ထွက်ပေါက်များတွင် ကျန်းမာရေးစစ်ဆေးမှုများကိုလည်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့ပြီး ကူးစက်ပျံ့နှံ့လာသဖြင့် ဝူဟန်အဆုတ်ရောင် ရောဂါဟု လူသိများသည့် ရောဂါမှာ ကော်ရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားကြောင်း နောက်ပိုင်းတွင် အတည်ပြုနိုင်ခဲ့သော်လည်း ကာကွယ်ဆေးနှင့် ကုထုံးမရှိသေးဘဲ လူသေဆုံးမှုလည်း ရှိနေရာ တရုတ်နိုင်ငံတွင်း ရောဂါဖြစ်ပွားရာ ဒေသများကို အဝင်အထွက် ကန့်သတ်ထိန်းချုပ်ထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဆလိုင်းဗန်ရိုးထန်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~