တာချီလိတ်မြို့တွင်း ကျူးကျော်နေထိုင်သူများ ရှင်းလင်းရေးအတွက် သက်ဆိုင်သူများနှင့် ညှိနှိုင်းဆောင်ရွက်နေ

တာချီလိတ်မြို့တွင်း ကျူးကျော်နေထိုင်သူများ ရှင်းလင်းရေးအတွက် သက်ဆိုင်သူများနှင့် ညှိနှိုင်းဆောင်ရွက်နေ
ဇန်နဝါရီ 23, 2020
By Tachileik News Agency

 တာချီလိတ်မြို့တွင်း ကျူးကျော်နေထိုင်သူများ ရှင်းလင်းရေးအတွက် သက်ဆိုင်သူများနှင့် ညှိနှိုင်းဆောင်ရွက်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ လွယ်စတုံငါးကန်တွင် ကျူးကျော် နေထိုင်သူများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့က စတင်ဖယ်ရှားပြီးနောက် မြို့တွင်း နေရာများရှိ ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရေးအတွက် ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

" အပိုင်း (ဈ)နဲ့ လွယ်တော်ခမ်းက သက်ဆိုင်ရာ တောင်သူတွေ၊ မြေပေးမိန့် ရထားတဲ့သူတွေ၊ ရောင်းမှားဝယ်မှား ဖြစ်တဲ့သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ  ညှိနှိုင်းဆောင်ရွက်လျှက် ရှိနေဆဲပါပဲ။ ဒါတစ်ခုပြီးတစ်ခု ဆက်လက် ဆောင်ရွက်သွားပါမယ်"

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့က ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် စီမံကိန်းအမျိုးမျိုးဖြင့် ရယူထားသည့် မြေနေရာများ၌ စီမံကိန်း အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိသည့် အတွက် ယင်းမြေနေရာများတွင် ဝင်ရောက်ကျူးကျော်နေထိုင်သူများရှိလာပြီး တဆင့်ပြန်လည်ရောင်းချမှုများရှိနေခဲ့ခြင်းဖြစ်သည်။

"သူတို့မှာ အရောင်းအဝယ်စာချုပ်တွေလည်း ရှိတယ်ဆိုလို့ရှိရင် သူတို့ကိုရောင်းခဲ့တဲ့သူတွေကို သူတို့ကိုယ်တိုင် တရားစွဲဖို့။ သူတို့ကိုယ်တိုင်လုပ်မှ ရတဲ့ကိစ္စဖြစ်တယ်။ ဒါကိုလည်း ကျွန်တော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက ခေါ်ပြီးတော့ ရှင်းပြထားပြီးဖြစ်ပါတယ်"

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်နှင့် လွယ်တော်ခမ်းကျေးရွာသွားလမ်းဘေးရှိ မယ်ဆိုင်ချောင်းဘေး တလျှောက် ကျူးကျော်သူများကို ဖယ်ရှားပြီး ပြန်လည်နေရာချထားပေးရန် ပြည်နယ်အစိုးရထံ မြေနေရာတောင်းခံထားသော်လည်း ကျူးကျော်သူများက အယူခံဝင်ထားသဖြင့် စောင့်ဆိုင်းပေးထားကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~