တာချီလိတ်သို့ ထိုင်းဘက်မှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများအား ကူညီရန် လူမှုဝန်ထမ်းဦးစီးဌာနကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

တာချီလိတ်သို့ ထိုင်းဘက်မှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများအား ကူညီရန် လူမှုဝန်ထမ်းဦးစီးဌာနကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း
ဇန်နဝါရီ 6, 2020
By Tachileik News Agency

တာချီလိတ်သို့ ထိုင်းဘက်မှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများအား ကူညီရန် လူမှုဝန်ထမ်းဦးစီးဌာနကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများကို ကူညီထောက်ပံ့မှုအား လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ပေးခြင်း မရှိ၍ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ထည့်သွင်းတောင်းခံပြီး ဆောင်ရွက်ပေးသွားရန် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းထားသည်။

“ကျွန်တော်တို့က နယ်စပ်ဖြစ်တဲ့အတွက် တရားမဝင်နယ်စပ်ဖြတ်ကျော်လို့ ဖမ်းခံရပြီး ပြန်ပို့လာတာတွေရှိတယ်။ လူကုန်ကူးခံရတာတွေ၊ တစ်ဖက်နိုင်ငံမှာ အလုပ်လုပ်ပြီး ဒုက္ခရောက်ပြီး ပြန်ပို့ခံရတဲ့သူတွေရှိတယ်။ အဲဒီလူတွေ အတွက် လူကယ်ပြန်က ဘတ်ဂျက် မတောင်းဘူးပေါ့နော်။ နှစ်စဉ် ကျွန်တော်တို့မြို့ကပဲ ပူးပေါင်းပြီး လုပ်ပေးနေရတယ်။ လူဦးရေကလည်း နှစ်စဉ်နဲ့အမျှ တိုးလာတယ်။ နိုင်ငံတော်ရဲ့ ထောက်ပံ့စရိတ် လိုအပ်လာတယ်။ ကျွန်တော်တို့ မြို့အနေနဲ့ အဲဒါကိုတောင်းဖို့ တိုက်တွန်းတာ’’ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေ၊ ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေများဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တာချီလိတ်မြို့နယ်တွင် ဆောင်ရွက်မည့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အတွက် စီမံကိန်းဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ အကြိုလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့က ကျင်းပရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘတ်ဂျက်တောင်းခံစရာမရှိဟု တင်ပြလာ၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“ လက်ရှိမှာတော့ မြို့အစီအစဉ်နဲ့ပဲ နေရပ်ပြန်ပို့ရေးကို စီစဉ်ပေးနေရတာရှိတယ်။ မြို့အစီအစဉ်ဆိုတာ အဓိကကတော့ မထသတို့၊ လူမှုကူညီရေးအသင်းတို့က အကူအညီပေးတာပါ။ အဲဒီတော့ စီမံကိန်း အစည်းအဝေးမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြောတာက ဒီလူတွေကို နိုင်ငံတော်ကနေ တရားဝင်ထောက်ပံ့ကြေး ထောက်ပံ့နိုင်အောင် လူမှုဝန်ထမ်းကနေ ဒီနှစ်ဘတ်ဂျက်မှာ လူဦးရေလျာထားပြီး တင်ပြတောင်းခံဖို့ လမ်းညွှန်ခဲ့တာတော့ရှိတယ်။ လာမယ့် ညှိနှိုင်းအစည်းအဝေးမှာတော့ လူမှုဝန်ထမ်းအနေနဲ့ ဒီဘတ်ဂျက်ကို ရေးဆွဲတင်ပြဆွေးနွေးဖို့တော့ ပြောထားပါတယ်”ဟု တာချီလိတ်မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံဘက်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ပြန်လည်လွှဲပြောင်းသည့်လူဦးရေမှာ တစ်နှစ်လျှင် ပျမ်းမျှ (၂၀၀၀)ကျော်ရှိနေပြီး လွှဲပြောင်းခံရသူများအတွက် ရပိုင်ခွင့်များရရှိစေရန် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဘတ်ဂျက်တောင်းခံ ဆောင်ရွက်သင့်သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းသည်။

“ပြန်ပို့ခံရတဲ့သူတွေက ကိုယ့်နိုင်ငံသားတွေလည်း ဖြစ်တယ်။ လူ့အခွင့်အရေး ရပိုင်ခွင့်လည်းရှိတဲ့အတွက် သူတို့ ရသင့်တဲ့ဟာကို လူကယ်ပြန်ဌာနကနေ ဆောင်ရွက်ပေးဖို့ပေါ့။ ပြန်ပို့ခံရတဲ့သူတွေအတွက် သူတို့အသုံးစရိတ်ရယ်၊ ဒီမှာနေထိုင်မယ်ဆို သူတို့စရိတ်ရယ်၊ ဒါက နိုင်ငံတော်ကနေ ထောက်ပံ့နေတဲ့ အစီအစဉ်ရှိတဲ့အတွက် အဲဒီထောက်ပံ့ငွေကို လူကယ်ပြန်အနေနဲ့ တောင်းခံသင့်တာပေါ့’’ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကြိုညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တာချီလိတ်မြို့နယ်အတွင်းမှ မြို့အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ကြကာ အကောင်အထည်ဖေါ်မည့် လုပ်ငန်းများကို အကြိုညှိနှိုင်းကြခြင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~