တာလေမြို့ရှောင်လမ်းတွင် ပါဝင်မည့် တပ်ပိုင်စိုက်ပျိုးမြေများစွန့်လွှတ်ပေးရန် တင်ပြထားဆဲ

တာလေမြို့ရှောင်လမ်းတွင် ပါဝင်မည့် တပ်ပိုင်စိုက်ပျိုးမြေများစွန့်လွှတ်ပေးရန် တင်ပြထားဆဲ
ဒီဇင်ဘာ 19, 2019
By Tachileik News Agency
တာလေမြို့ရှောင်လမ်းတွင် ပါဝင်မည့် တပ်ပိုင်စိုက်ပျိုးမြေများ စွန့်လွှတ်ပေးရန် တင်ပြထားဆဲ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ တာလေမြို့ရှောင်လမ်းစီမံကိန်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့မှ စ၍ ဆောင်ရွက်နေပြီဖြစ်သော်လည်း အဆိုပါ လမ်းပိုင်းတွင် ပါဝင်မည့် ခမရ(၃၁၆)၏ စိုက်ပျိုးမြေ (၃)နေရာကို စွန့်လွှတ်ပေးရန် တင်ပြထားဆဲဖြစ်ကြောင်း သိရသည်။

တာလေမြို့ရှောင်လမ်းတွင် ပါဝင်မည့် ခမရ(၃၁၆) ပိုင် စိုက်ပျိုးမြေများဖြစ်သည့် နားယောင်းကျေးရွာအုပ်စုမှ မြေ (၂) နေရာနှင့် မိုင်းယောင်း(အနောက်)ကျေးရွာမှ နေရာ (၁)ခုတို့ကို စွန့်လွှတ်ပေးနိုင်ရေး တင်ပြထားဆဲဖြစ်ပြီး မိုင်းလင်း(အနောက်)ကျေးရွာမှ ကျေးရွာပိုင်မြေ နေရာ (၁) ခုနှင့် နမ့်ခင်းကျေးရွာမှ ရေမြောင်းဧရိယာအတွင်း ပါဝင်သည့် နေရာ (၁) တို့ကို မြေယာလျော်ကြေးတွင် ထည့်သွင်းတွက်ချက်ခြင်းမရှိကြောင်း သိရသည်။

မြို့ရှောင်လမ်းတွင် ပါဝင်သည့် လယ်မြေ၊ ယာမြေနှင့် ဥယျာဉ်ခြံမြေများအတွက် ၂၀၁၉ ခုနှစ် ဧပြီလ (၂၄) ရက်နေ့မှ မေလ (၂၄) ရက်နေ့အထိ (၃) ကြိမ်ခွဲ၍ နားယောင်းကျေးရွာမှ ( ၂၂)ဦး၊ မိုင်းလင်းအနောက် ကျေးရွာမှ (၇၁)ဦး၊ မိုင်းလင်းအရှေ့ကျေးရွာမှ (၃၂)ဦး၊ နမ့်ခင်းကျေးရွာတွင် (၂၆)ဦး စုစုပေါင်း (၁၅၂) ဦးကို မြေယာလျော်ကြေး ကျပ်သိန်းပေါင်း (၁၂၃၂၈)သိန်းကို ပေးလျော်ထားပြီး နားယောင်းကျေးရွာအုပ်စုရှိ ဒေါ်နန်းနွဲ့အမည်ပေါက် ပိုင်ဆိုင်သည့် နေရာ (၁)ခုမှာ မြေယာအငြင်းပွားမှု မပြီးစီးသေးသဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့အထိ လျော်ကြေးပေးအပ်နိုင်ခြင်းမရှိသေးခြင်းဖြစ်ကြောင်း သိရသည်။

တာလေမြို့ရှောင်လမ်း မြေသားတာဘောင်တည်ဆောက်ရေးလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် (၆၂၉၃.၇၈) သိန်း၊ သံကူကွန်ကရစ် Box Culvert (၁၄) ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် (၂၈၀၀) သိန်း စုစုပေါင်း ကျပ် (၉၀၉၃.၇၈) သိန်းဖြင့် လုပ်ငန်းများ စတင်အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမြို့ရှောင်လမ်းသည် တာချီလိတ် - ကျိုင်းတုံ - တောင်ကြီး ပြည်ထောင်စုလမ်းမကြီးနှင့် တာလေ-ပါလျှိုး-ကျိုင်းလပ်လမ်းတို့ဖြင့် ဆက်သွယ်မည်ဖြစ်ပြီး လမ်းအရှည် (၁၃.၁၈၁) ကီလိုမီတာရှိကြောင်း သိရသည်။

တာလေမြို့ရှောင်လမ်း တစ်ကြောင်းထိုးလမ်းဖောက်လုပ်ခြင်းအတွက် ကျပ် (၄၀၄.၃၈) သိန်း၊ မြေသားတာဘောင် တည်ဆောက်ခြင်းအတွက် ကျပ် (၄၀၄၅၀) သိန်း၊ (၅.၅) မီတာအကျယ် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအတွက် ကျပ် (၅၂၇၅၀) သိန်း၊ Box Culvert (၃၂) စင်း တည်ဆောက်ရေးအတွက် ကျပ် (၈၀၀၀) သိန်း၊ နမ့်လင်းချောင်ကူး ပေ (၄၀၀) အရှည် သံကူကွန်ကရစ်တံတား တည်ဆောက်ရေးအတွက် ကျပ် (၁၄၀၀၀) သိန်း၊ အရှည် (၁၀၀) ပေရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးအတွက် ကျပ် (၃၅၀၀) သိန်း၊ လမ်းတွင် ကီလိုမီတာတိုင်၊ အကာအကွယ်တိုင်နှင့် ဆိုင်းဘုတ်စိုက်ထူခြင်းလုပ်ငန်းအတွက် ကျပ် (၉၃.၇၈) သိန်း စုစုပေါင်း ကျပ် (၁၁၉၁၉၈.၁၆) သိန်း သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်