လားရှိုးမြို့တွင် မူးယစ်ဆေးသုံးသူများ ခိုအောင်းသည့် နေရာကို ဝင်ရှင်းရာ ၅၄ ဦးဖမ်းမိ

လားရှိုးမြို့တွင် မူးယစ်ဆေးသုံးသူများ ခိုအောင်းသည့် နေရာကို ဝင်ရှင်းရာ ၅၄ ဦးဖမ်းမိ
နိုဝင်ဘာ 29, 2019
By Tachileik News Agency
 လားရှိုးတွင် မူးယစ်ဆေးသုံးသူများ ခိုအောင်းသည့် နေရာကို ဝင်ရောက်ဖမ်းဆီးရာ  အမျိုးသား (၅၄)ဦးနှင့် ဆိုင်ကယ်အစီးရေ (၃၀)ကျော်ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက် (၅) မန်အိုင်ကုန်းတွင် မူးယစ်ဆေးသုံးစွဲသူများ ခိုအောင်းနေသည့်နေရာကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက်ပိုင်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက် ဖမ်းဆီးရာ မူးယစ်ဆေးဝါးသုံးစွဲနေသူ (၅၄) ဦးကို တုတ်၊ဓါးလက်နက်များနှင့်အတူ ဖမ်းမိပြီး ဆိုင်ကယ်အစီး (၃၀) ကျော်ကိုလည်း သိမ်းဆည်းရမိထားကြောင်း သိရသည်။

"အဲ့ဒီနေရာမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဝင်ထွက် သွားလာနေကြတဲ့ သတင်းတွေရထားတယ်။ ရှေ့မှာ ဖြစ်ထားတဲ့ လုယက်မှုတွေ၊ ဓါးခုတ်မှုတွေထဲက တစ်ချို့ကလည်း မူးယစ်ဆေးသုံးစွဲသူတွေနဲ့ ဆက်စပ်နေတာကို စုံစမ်းထားမိတာတွေရှိတယ်။ ဒါကြောင့် ပူးပေါင်းအဖွဲ့နဲ့ ရုတ်တရက်ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကတော့ သုံးစွဲဖို့လုပ်နေကြတဲ့ ပမာဏလောက်ပဲတွေ့တယ်။ တုတ်၊ ဓါးစတဲ့ လက်နက် အချို့ကိုလည်း သူတို့ထဲမှာတွေ့တယ်" ဟု လားရှိုးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဖမ်းဆီးမှုပြုလုပ်သည့် ပူးပေါင်းအဖွဲ့တွင် မြို့နယ်၊ မြို့မရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့နှင့် NGO အဖွဲ့အစည်းအချို့ ပါဝင်သည့် ပူးပေါင်း အဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"အရင် ၂၀၁၆ လောက်က လားရှိုးတစ်ဝိုက်မှာ အဲဒီလို နှိမ်နှင်းရေးတွေ ရဲတပ်ဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖူးတယ်။ အထူးသဖြင့် ဟူးမွန်ဆည်ဘက်မှာဆိုရင် မူးယစ်ဆေးဝါးစုပေါင်းသုံးစွဲကြတဲ့ တဲတွေကအစ မီးရှို့ဖျက်ဆီးပြီး သုံးစွဲနေသူတွေလည်း အများအပြားဖမ်းမိတာမျိုးရှိတယ်။ နောက်ပိုင်းကျတော့ အမှုမခိုင်လုံလို့ ပြန်လွတ်လာတာလိုလို ဆေးဖြတ်ပြီးတော့ပဲပြန်လာတာလိုလိုနဲ့ ဒီလူ ဒီလူတွေပဲ ပြန်တွေ့နေရတယ်။ အခုလိုရှောင်တခင် ဖမ်းဆီးတာက ကောင်းပါတယ်။ များများလုပ်နိုင်မယ်ဆိုရင် ပြည်သူတွေလည်း ပူးပေါင်းပါဝင်လာဖို့ အားရှိတယ်" ဟု လားရှိုးမြို့ ရပ်ကွက် ၅ ၊ အထက်မန်အိုင်ရပ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသည့် အမျိုးသား (၅၄) ဦးထဲမှ (၃) ဦးမှာ လမ်းခုလတ်၌ တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် ပညာပေးမှုများပြုလုပ်ကာ ပြန်လွှတ်ပေးခဲ့ကာ ကျန် (၅၁) ဦးထဲမှ (၉) ဦးကို လက်နက်မှုဖြင့် အမှုဖွင့်ထားပြီး ကျန်သူများအား မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် သက်ဆိုင်သည့် ဥပဒေများဖြင့် အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်နေ ကြောင်း မြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - ကိုမျိုး



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~