အထွေထွေရန်ပုံငွေ ခေါင်းစဉ်ဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာဉ်ယန္တယားများ ငှားရမ်းသည့်ကိစ္စ တိုင်စာ ပစ်စာ ဆန်းစစ်ရေးအဖွဲ့က စိစစ်တွေ့ရှိ

အထွေထွေရန်ပုံငွေ ခေါင်းစဉ်ဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာဉ်ယန္တယားများ ငှားရမ်းသည့်ကိစ္စ တိုင်စာ ပစ်စာ ဆန်းစစ်ရေးအဖွဲ့က စိစစ်တွေ့ရှိ
ဇွန် 13, 2020
By Tachileik News Agency
အထွေထွေရန်ပုံငွေ ခေါင်းစဉ်ဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာဉ်ယန္တယားများ ငှားရမ်းသည့်ကိစ္စ တိုင်စာ ပစ်စာ ဆန်းစစ်ရေးအဖွဲ့က စိစစ်တွေ့ရှိ

ကယားပြည်နယ် တိုင်စာ၊ ပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ထံသို့ (၄) နှစ်တာကာလအတွင်း တင်ပြလာသည့် တိုင်စာများထဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့က ယာဉ်ယန္တယားများဝယ်ယူထားရှိပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များကို ငှားရမ်းအသုံးပြုသည့် ကိစ္စပါဝင်နေ၍ ပြည်နယ်လွှတ်တော်တွင်  တင်ပြထားသည်ကို တွေ့ရသည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့)ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၁)ရက်နေ့က ကျင်းပရာ တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့၏ (၄)နှစ် တာကာလ တိုင်ကြားစာ များအပေါ် ဆောင်ရွက်ထားရှိမှု အစီရင်ခံစာအား ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

"ထူးခြားသောတွေ့ရှိချက်များ အနေဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့ပိုင် စက်ယန္တယားနှင့် SKAT ယာဉ်များကို ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၁၀၃၀.၆၀) ဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီးဝယ်ယူရာတွင် ဝယ်ယူရေးကော်မတီဖွဲ့စည်းမှုမရှိခြင်း၊ တင်ဒါခေါ်ယူ၍ ဝယ်ယူထားသည့် အထောက်အထားမရှိခြင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး လွိုင်ကော်ခရိုင်မှ စက်ယန္တယား (၁၀) စီး၊ SKAT ယာဉ် (၈) စီးနှင့် လမ်းဦးစီးဌာနမှ စက်ယန္တယား (၂) စီး စုစုပေါင်း (၂၀) စီးကို မြေပြင်စစ်ဆေးတွေ့ရှိရသော်လည်း စာရင်းစစ်အစီရင်ခံစာတွင် (၁၈) စီးသာဖော်ပြထားသဖြင့် စာရင်းအရ (၂) စီးကွာဟနေခြင်း၊ နိုင်ငံတော်ပိုင်စက်ယန္တယားများနှင့် SKAT ယာဉ် ငှားရမ်းခများကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဌာနဆိုင်ရာစာရင်းကော်မတီသို့ အပြည့်အဝပေးသွင်းမှုမရှိဘဲ ပြည်နယ်အစိုးရအဖွဲ့ရုံး အုပ်ချုပ်၊ ထောက်ပံ့ဌာနခွဲမှ အထွေထွေရန်ပုံငွေခေါင်းစဉ်အသုံးပြုပြီး ပုဂ္ဂိုလ်ရေး ကိစ္စများတွင်ပါ သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိရပါတယ်"ဟု တိုင်စာ၊ ပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့၏ အတွင်းရေးမှူး ဦးမြင့်မောင်က တင်ပြထားသည်။

ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဝယ်ယူထားသည့် စက်ယန္တယားများကို ပုဂ္ဂလိကလုပ်ငန်းရှင်များကို ငှားရမ်းအသုံးပြုခွင့်ပေးထားပြီး ရရှိလာသည့် ငှားရမ်းခများကို စာရင်းတင်ပြမှုမရှိခြင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် စက်ယန္တယားများရယူသုံးစွဲပြီး ငှားရမ်းခများပေးသွင်းမှုမရှိခြင်း၊  စက်ယန္တယားများကို အကြီးစားပြင်ဆင်ရေးခေါင်းစဉ်များဖြင့်  ငွေကြေးများထုတ်ယူသုံးစွဲနေခြင်းများတွေ့ရှိရကြောင်း လွှတ်တော်တွင် တင်ပြထားခြင်းဖြစ်သည်။   

ကယားပြည်နယ် တိုင်စာ၊ ပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ထံ (၄) နှစ်တာကာလအတွင်း ဒေသခံပြည်သူလူထုက တင်ပြတိုင်ကြားလာသည့် တိုင်ကြားစာအရေအတွက်ပေါင်း (၄၈၄) စောင်ရှိခဲ့ပြီး ဆောင်ရွက်ပြီး (၄၃၇) စောင်၊ ဆောင်ရွက်ဆဲ (၃၈) စောင်၊ ဆိုင်းငံ့ (၉) စောင်တို့ရှိပြီး တိုင်ကြားစာများအပေါ် ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအကြောင်းကြားစာ (၉၈) စောင်ပေးပို့ အကြောင်းကြားထားသည့်အနက် ၂၀၂၀ ပြည့်နှစ် မေလကုန်အထိ ပြန်ကြားလာခြင်းမရှိသည့် စောင်ရေ (၄) စောင်ရှိသည်ဟု တင်ပြထားသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~