တာချီလိတ်မြို့တွင် ကြက်ဥတစ်လုံးကြောင့် စကားများရာမှ ဓါးဖြင့် ခုတ်သတ်မှုဖြစ်ပွား

တာချီလိတ်မြို့တွင် ကြက်ဥတစ်လုံးကြောင့် စကားများရာမှ ဓါးဖြင့် ခုတ်သတ်မှုဖြစ်ပွား
ဖေဖော်ဝါရီ 10, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင် ကြက်ဥတစ်လုံးကြောင့် စကားများရာမှ ဓါးဖြင့် ခုတ်သတ်မှုဖြစ်ပွား

နယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း ရန်ရှင်း(၄)တွင် ကြက်ဥတစ်လုံးကြောင့် အငြင်းပွားကာ စကားများရာက ဓါးဖြင့် ခုတ်သတ်မှု ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တံမြက်စည်း ခုတ်ရန် မသွားမီ လီရှီး နှင့်  မောရှေတို့သည့် ထမင်းအတူစားနေစဉ် လီရှီးက မောရှုအား ကြက်ဥခိုးစားသည်ဟု စွတ်စွဲပြောဆိုရာမှ စကားများရန်ဖြစ်ကြပြီး မောရှုက တံမြက်စည်းသွား ခုတ်ရန် အသင့်ယူဆောင်လာသည့် ဓါးဖြင့် လီရှီး၏ လည်ဂုတ်အား ခုတ်ရာမှ ဒဏ်ရာဖြင့် လီရှီးမှာ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

"သူတို့အချင်းချင်းပါပဲ။ တောင်ယာမှာ တံမြက်စည်း သွားခုတ်ဖို့အတွက် ထမင်စားဖို့ ပြင်နေတုန်း ကြက်ဥပျောက်လို့ဆိုပြီး စကားများရာကနေ ခုတ်လိုက်တာ။ ကြက်ဥက အိမ်ကြက်ဥ"

ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူ အသက်(၄၀)ဝန်းကျင်ရှိ ဦးလီရှီး၏ ရုပ်အလောင်းအား စစ်ဆေးရန်အတွက် ထုံးစံအတိုင်း တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ တာချီလိတ်နာရေးကူညီမှုအသင်းက ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဓားခုတ်မှုဖြစ်တယ်။ သူတို့က ခဏခဏ စကားများကြတယ်ပြောတယ်။ လောလောဆယ် မျက်မြင်သက်သေကိုမေးနေတုန်း။ မနက် (၇) နာရီခွဲလောက်က ဖြစ်တာ

ဟု ဟောင်လိတ်ရဲကင်းစခန်းမှူး ရဲအုပ်မင်းမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံဖြစ်သူ အသက်(၃၁)နှစ်ရှိ မောရှေအား ဟောင်လိတ်ရဲကင်းစခန်းမှူး ရဲအုပ်မင်းမင်းအောင် နှင့် တပ်ဖွဲ့ဝင်များက ချက်ခြင်း ဖမ်းဆီးရမိထားပြီး အရေးယူရန်အတွက် စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~