တာချီလိတ်တွင် (၉)နှစ်ကြာသည်အထိ မပြီးပြတ်သေးသည့် "ဈ"မြေကွက်သစ်စီမံကိန်းအတွက် အကွက်ဖော်ရန် တိုင်းတာမှုလုပ်ငန်းများ ပြီးစီး

တာချီလိတ်တွင် (၉)နှစ်ကြာသည်အထိ မပြီးပြတ်သေးသည့် "ဈ"မြေကွက်သစ်စီမံကိန်းအတွက် အကွက်ဖော်ရန် တိုင်းတာမှုလုပ်ငန်းများ ပြီးစီး
အောက်တိုဘာ 8, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် (၉)နှစ်ကြာသည်အထိ အကောင်အထည်ဖော်၍ မပြီးသေးသည့် မြို့ကွက်သစ်စီမံကိန်း အပိုင်း(ဈ)တွင် မြေကွက်ဖော်ရန် တိုင်းတာမှုများ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

"ကုမ္ပဏီတွေဘက်ကပဲ အကွက်ဖော်ဖို့ ကျန်တော့တယ်။ ကျွန်တော်တို့ ကော်မတီဘက်ကတော့ တိုင်းတာပေးပြီးပြီ"ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့uပါသည်။

ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်း) ကျိုင်းတုံမြို့က ၂၀၁၀ ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့ နေ့စွဲပါစာဖြင့် ဝန်ထမ်းများအတွက် မြေယာကွက်သစ် စီမံကိန်းကို ခွင့်ပြုခဲ့ခြင်းဖြစ်သော်လည်း အဆိုပါမြေနေရာမှာ ဒေါ်နန်းခမ်းတစ်အား မြေလွတ်မြေရိုင်း ဖော်ထုတ်လုပ်ကိုင်ခွင့်ပြုထားခဲ့သည့်နေရာတွင် ပါဝင်နေ၍ မြေယာအငြင်းပွားမှု ဖြစ်ပွားနခြေင်းဖြစ်သည်။

အဆိုပါ မြေယာအငြင်းပွားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ၂၀၁၉ ခုနှစ် မတ်လ(၄)ရက်နေ့တွင် စာချွန်တော်အမိန့်ချမှတ်ပြီးနောက် မြေယာကွက်သစ်စီမံကိန်းမှ မြေပေးမိန့်ရထားသူဦးရေ (၅၀၀) ဝန်းကျင်အား မြေကွက်များအမြန်ဆုံး ပေးအပ်နိုင်ရေးအတွက် စက်တင်ဘာလအတွင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဌာနနှင့် စည်ပင်သာယာရေးဌာနတို့ပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ကြီးကြပ်ဆောင်ရွက်လာခြင်းဖြစ်သည်။

အဆိုပါ မြေယာကွက်သစ် စီမံကိန်းနေရာတွင် မြေပေးမိန့်ရထားသူများအပြင် မြေကွက်ဖော်ထုတ်မှု မပြီးသေးသော်လည်း မြေကွက်ဝယ်ယူနေထိုင်သူများလည်း ရှိနခြေင်းဖြစ်သည်။

မြေကွက်များဖော်ဆောင်ပြီးပါက မြေပေးမိန့်ရထားသူများထံ အပ်နှံသွားမည်ဖြစ်ပြီး ကျူးကျော်နေထိုင်သူများကို မြေကွက်ပိုင်ရှင်က တရားစွဲခြင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။

မြေယာအငြင်းပွားမှုများ ဆက်လက်မဖြစ်ပေါ်ရန်အတွက် အဆိုပါမြေကွက်သစ်နေရာတွင် အချင်းအချင်း ရောင်းဝယ်ခြင်းများတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်မှတ်ထိုးပေးခြင်းများ မပြုလုပ်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ၂၀၁၈ ခုနှစ်တွင်းမှစ၍ အသိပေးထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~