M.C များပေါ်ပေါက်လာပုံ သမိုင်းအကြောင်း

M.C များပေါ်ပေါက်လာပုံ သမိုင်းအကြောင်း
ဒီဇင်ဘာ 15, 2019
By Tachileik News Agency
M.C များပေါ်ပေါက်လာပုံ သမိုင်းအကြောင်း ၊ ဆောင်းပါးရှင်။  ။ Iron Eagle

M.C ဆိုသည်မှာ...
M.C ဆိုသည်မှာ မော်တော်ဆိုင်ကယ် ကလပ်ကို အတိုကောက်ခေါ်ဆိုခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပထမဆုံး မော်တော်ဆိုင်ကယ်ကလပ်ကို ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်ခန့်တွင် ဒုတိယ ကမ္ဘာစစ်အတွင်း ပါဝင်ခဲ့ကြသော အမေရိကန်စစ်ပြန်များမှ စတင်ဖွဲ့စည်းခဲ့သည်။

စစ်ပြန်များက ပေါ်ပေါက်လာသည့် M.C များ
စစ်ကာလအတွင်း ဥရောပတိုက် စစ်မြေပြင်အနှံ့ တစ်နေရာမှ တစ်နေရာသို့ သွားရောက်ကာ အတူတကွ တိုက်ပွဲဝင်ခဲ့သော စစ်သည်များ စစ်ကြီးပြီး၍ အမေရိကသို့ ပြန်ရောက်ပြီး တပ်မှ နှုတ်ထွက်ကာ စစ်မဖြစ်မီက လုပ်ကိုင်ခဲ့သော ကုမ္ပဏီဝန်ထမ်း ၊ စာရေးစာချီစသော အလုပ်များကို ပြန်လည် လုပ်ကိုင်ကြသောအခါ စိတ်လှုပ်ရှားမှုကင်းပြီး ပျင်းရိငြီးငွေ့ဖွယ်ရာ ဘဝကို အံမဝင်နိုင်ပဲ ရှိလေကြသည်။

စစ်ပြန်များသည် အလုပ်အားလပ်ချိန်များတွင် မကြာခဏ တွေ့ဆုံကြပြီးနောက် သူတို့၏ ကျန်ရှိ နေသေးသော ဘဝနောက်ပိုင်း ကာလများတွင် စွန့်စားမှုအသစ်များကို အတူတကွ ရှာဖွေသွားကြရန် ဆုံးဖြတ်ပြီး မော်တော်ဆိုင်ကယ် ကလပ်တစ်ခုကို စတင်ဖွဲ့စည်းခဲ့ကြပြီး HELL ANGLE မော်တော်ဆိုင်ကယ် ကလပ်ဟု အမည်ပေးခဲ့ကြသည်။

ကလပ်ဖွဲ့စည်းပြီးနောက်တွင် အတိတ်ကာလက အမေရိက၏ ဌာနေ တိုင်းရင်းသား ဖြစ်ကြသော ရက်အင်ဒီးယန်း လူမျိုးများမှ မြင်းများစီးနင်းကာ အမေရိကတခွင် လွတ်လပ်စွာ လှည့်လည် သွားလာနေထိုင်ခဲ့ကြသော ဓလေ့ကို အားကျ အတူယူကာ မော်တော်ဆိုင်ကယ်များ စီးနင်းပြီး အမေရိက တခွင်လှည့်လည် သွားလာခဲ့ကြသည်။

သူတို့သည် အမေရိကန် မြို့ပေါင်းများစွာသို့ ရောက်ရှိခဲ့ရာ သူတို့ရောက်ရှိခဲ့သည့် ဒေသခံ မော်တော်ဆိုင်ကယ် ဝါသနာရှင်များမှ သူတို့အား အတုယူက M.C များဖွဲ့စည်းခဲ့ရာမှ အစပြုပြီး ကမ္ဘာပေါ်တွင် M.C များစွာ ပေါ်ပေါက်လာခဲ့သည်။

M.C များသည် ဆိုင်ကယ်ဝါသနာရှင် များပြားပြီး အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိသော အနောက်ပိုင်း ဒီမိုကရေစီ နိုင်ငံများတွင် များစွာ ပေါ်ပေါက်ခဲ့သည်။ အထူးသဖြင့် အမေရိကန် ၊ ကနေဒါ ၊ ပြင်သစ် နှင့် ဂျာမနီ တို့်တွင် များပြားသည်။

M.C ဖွဲ့စည်းမှု
M.C ဖွဲ့စည်းရာတွင် အဖွဲ့ခေါင်းဆောင်အဖြစ်ကို President၊ ဒုအဖွဲ့ခေါင်းဆောင်အဖြစ်ကို Vice-Presidentနှင့် အတွင်းရေးမှူးကို Secretary စသည်ဖြင့် ဖွဲ့စည်းထားလေ့ရှိပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရည်ရွယ်ချက် နှင့်လုပ်ငန်းစဉ်များ မတူညီကြပေ။ အမေရိကရှိ မူလပထမ M.C များသည် လွတ်လပ်စွာသွားလာနေထိုင် ရခြင်းကိုသာ အဓိက ကျင့်သုံးခဲ့ပြီး လူမှုရေး ၊ နိုင်ငံရေး လုပ်ငန်းများမှ ကင်းရှင်းခဲ့သည်။ သူတို့သည် သူတို့ရရှိသော စစ်ပြန်ထောက်ပံ့ငွေနှင့် ပင်စင်လစာငွေကိုသာ အသုံးပြုပြီး ရပ်တည်ခဲ့ကြကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း မပြုခဲ့ကြပေ။

နောက်ပိုင်းတွင် M.C များစွာ ပေါ်ပေါက်လာရာတွင် အချို့ M.C များမှာ ဒုစရိုက်ဂိုဏ်းများနှင့် ဆက်နွယ်ခဲ့ရာမှ M.C လောက နာမည်ပျက်ခဲ့ရသည်များ ရှိခဲ့သည်။ ဥရောပတိုက်ရှိ ဂျာမနီနှင့် အီတလီ နိုင်ငံများတွင် နာဇီလက်သစ်များမှ M.C များတည်ထောင်ခဲ့ရာတွင် နိုင်ငံရေးနှင့် နွယ်သော M.C များပေါ်ပေါက်ခဲ့ရသည်။

ဂုဏ်သိက္ခာရှိသော စီးပွားရေး လုပ်ငန်းရှင် ဆိုင်ကယ်ဝါသနာရှင်များမှ ဖွဲ့စည်းထားသော M.C များလည်းရှိသည်။ ထို M.C များသည် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ခြင်း ၊ ဆိုင်ကယ်ဝါသနာရှင်များ ဆုံတွေ့ကြရန် BIKE WEEK ပွဲများ ကျင်းပခြင်းစသော လှုပ်ရှားမှုများ အဓိက ဆောင်ရွက်ခဲ့သည်။

အနောက်ပိုင်း ရုပ်ရှင်ကားများသည် ဆိုင်ကယ်သမားများ၏ ဆွဲဆောင်မှုရှိသော ဘဝကို ရုပ်ရှင်ရိုက်ကူးရာတွင် ဒုစရိုက်ဂိုဏ်း M.C များအကြောင်း ကိုသာ အဓိက အသားပေးရိုက်ကူးလေ့ရှိသဖြင့် မူလပထမ M.C များ၏ ကောင်းသတင်းများမှာ မှေးမှိန်ခဲ့ရပြီး အများအမြင်တွင် ဆိုင်ကယ်သမားများကို လမ်းသရဲများ ၊ ဒုစရိုက်လောကသားများအဖြစ် ထင်ယူဆစရာ ဖြစ်ခဲ့ရသည်။

ထိုင်းနိုင်ငံ မှ M.C များ
အာရှတိုက်ဘက်တွင် ထိုင်း၊ ဂျပန် ၊ စင်ကာပူ ၊ မလေးရှား ၊ အင်ဒိုးနီးရှား စသော နိုင်ငံများတွင် M.C များစွာ ပေါ်ပေါက်ခဲ့ပြီး မော်တော်ဆိုင်ကယ် ယဉ်ကျေးမှု ထွန်းကားခဲ့သည်။

ထိုင်းနိုင်ငံရှိ M.C များသည် အနောက်တိုင်း M.C များနှင့် ရပ်တည်ချက် ၊ ရည်ရွယ်ချက် နှင့် လုပ်ဆောင်ချက်များ များစွာကွာခြားသည်။ ထိုင်းနိုင်ငံရှိ M.C များသည် အများအားဖြင့် ဆိုင်ကယ်ရောင်းဝယ်လုပ်ငန်း၊ အငှားလုပ်ငန်းနှင့် ဆိုင်ကယ်ဖြင့် ခရီးသွားလာရေးလုပ်ငန်းများဖြင့် ရပ်တည်ကြပြီး ပရဟိတလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်။

ပုံမှန် စီးပွားရေးကို လုပ်ကိုင်ကြပြီး အားလပ်ချိန်များတွင် ခရီးတို ခရီးရှည်များ ထွက်ကြသည်။ ခရီးစဉ်ရေးဆွဲရာတွင် မိဘမဲ့ကျောင်းများကို သွားရောက်အားပေးကူညီခြင်း နှင့် အခြားလူမှုရေး ၊ ဘာသာရေး ဆိုင်ရာ လှူဒါန်းမှုများ ပြုလုပ်ရန် အစီအစဉ်များ ထည့်သွင်းရေးဆွဲပြီး သွားလေ့ရှိကြသည်။ BIKE WEEK  ပွဲအား ကျင်းပရာတွင်လည်း ကျင်းပရခြင်း ရည်ရွယ်ချက်တွင် ပရဟိတ လုပ်ငန်းများ ပိုမို ပူးပေါင်းလုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက် ထည့်သွင်းဆောင်ရွက်လေ့ရှိပြီး ရရှိလာသော ရန်ပုံငွေကို မိဘမဲ့ကျောင်းများတွင် သွားရောက် လှူဒါန်းလေ့ရှိကြသည်။

ထို့ကြောင့် ထိုင်းနိုင်ငံတွင် မော်တော်ဆိုင်ကယ်စီး ခရီးသွားများနှင့် M.C များစွာ အလေးထားပြီး ဦးစားပေး ဆက်ဆံကြသည်။

M.C များသည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုလည်း များစွာ အထောက်အကူပြုသည်။ နှစ်စဉ် ကမ္ဘာအရပ်ရပ်က ဆိုင်ကယ် ဝါသနာရှင်များသည် ထိုင်းနိုင်ငံ အနှံ့ဆိုင်ကယ်စီးနင်းရန် လာရောက်လေ့ရှိကြပြီး ဆိုင်ကယ်စီးခရီးသွားလုပ်ငန်းကို များစွာ တွင်ကျယ်စေခဲ့သည်။

ဆိုင်ကယ်စီးခရီးသွားလုပ်ငန်းမှ အလုပ်ကိုင်များစွာကို တွင်ကျယ်စေခဲ့သည်။ ဆိုင်ကယ်စီး ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်ပေါင်းများစွာ ဖန်းတီပေးနိုင်ခဲ့ပြီး နိုင်ငံခြားငွေများစွာ ရရှိသည်ဖြစ်ရာ အုပ်ချုပ်ရေးဌာနများမှလည်း အားပေးကူညီခဲ့သည်။

M.C များမှ စီစဉ်ကျင်းပသော BIKE WEEK ပွဲများသို့လည်း စိတ်ဝင်စားသူ နိုင်ငံခြားဧည့်သည် သိန်းချီပြီး လာရောက်လေ့ရှိကြရာ BIKE WEEK ပွဲများကို သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးလေ့ရှိသည်။

BIKE WEEK ပွဲအကြောင်း
BIKE WEEK ပွဲဆိုသည်မှာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲဖြစ်ပြီး နေရာဒေသအလိုက် အင်အားကြီး M.C များမှ စီစဉ် ကျင်းပလေ့ရှိသည့် ပွဲ။ ထိုင်း ၊ မလေးရှား ၊ အင်ဒိုနီးရှား နှင့် စင်ကာပူနိုင်ငံများတွင် တစ်နှစ်တာ ကာလပတ်လုံး BIKE WEEK ပွဲများရှိကြသည်။ တစ်နေရာ နှင့် တစ်နေရာ ရက်ချင်းမတိုက်အောင် ညှိနှိုင်းဆောင်ရွက်ကြသည်။

ကမ္ဘောဒီးယား ၊ ဗီယက်နမ် နှင့် လောနိုင်ငံများတွင်လည်း BIKE WEEK ပွဲ ကျင်းပခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမှ ကျင်းပခြင်း မရှိခဲ့သေးပေ။ BIKE WEEK ပွဲ ကျင်းပရာ နေရာသို့ နိုင်ငံပေါင်းစုံမှ M.C များမှ ဆိုင်ကယ်များ စီးနင်းလာပြီး လာရောက်ကြသည်။

ဝေးလံသော နိုင်ငံများမှ M.C များလည်း လေကြောင်းခရီးဖြင့်လာရောက်ကြပြီး BIKE WEEK ပွဲကျင်းပရာနေရာတွင် ဆုံဆည်းကြသည်။

BIKE WEEK ပွဲရက်တွင် မိတ်ဆုံစားပွဲများ ၊ အပြန်အလှန် လက်ဆောင်ပစ္စည်း ဖလှယ်ခြင်းများ ၊ တေးဂီတ ဖျော်ဖြေရေး အစီအစဉ်များ ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း နှင့် ပတ်သက်သော ပညာပေး အစီအစဉ်များ ၊ ပရဟိတလုပ်ငန်းအတွက် ရန်ပုံငွေ စုပေါင်းထည့်ဝင်ကြပြီး ဒေသတွင်းရှိ မိဘမဲ့ ကလေးကျောင်းများအား သွားရောက်လှူဒါန်းပေးခြင်း အစီအစဉ်များ ၊ အပျော်တမ်းဆိုင်ကယ် ရွေးချယ်ပွဲများ ၊ ဆိုင်ကယ်စတန့်ပြသခြင်းများ ၊ နောက်တစ်နေရာတွင် ထပ်မံတွေ့ဆုံကြရန် ဖိတ်ကြားခြင်းများ ပြုလုပ်ကြပြီး နောက်နေ့များတွင် ဒေသတွင်း ထင်ရှားသော နေရာများသို့ အတူတကွ သွားရောက်ကြသည်။

BIKE WEEK ပွဲများတွင် ဆိုင်ကယ်သမားများ အားလုံးသည် ညီအစ်ကိုစိတ်ဓါတ်ဖြင့် ဆက်ဆံကြပြီး အသိ မိတ်ဆွေများ တိုးပွားလာသည်။ ပြီးလျှင် နောက်ထပ်တစ်နေရာ BIKE WEEK တစ်ပွဲတွင် ထပ်မံ တွေ့ဆုံကြရန် ကတိပြုပြီး ခွဲခွာကြသည်။

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ကမ်းခြေတွင် ပြုလုပ်သော DAYTONA BIKE WEEK သည် ကမ္ဘာပေါ်တွင် အကျော်အကြားဆုံးဖြစ်ပြီး ကမ္ဘာအရပ်ရပ်မှ ဆိုင်ကယ်သမားများ လာရောက် စုဝေးလေ့ရှိကြသည်။

ထိုင်းနိုင်ငံ ဖူးခက် ကျွန်းတွင် ကျင်းပသော PHUKET BIKE WEEK နှင့် ပတ္တယားကမ်းခြေတွင် ကျင်းပသော BURAPA BIKE WEEK များသည်လည်း ထင်ရှားကျော်ကြားပြီး နှစ်စဉ် အနယ်နယ် အရပ်ရပ်မှ ဆိုင်ကယ်သမားသောင်းချီ လာရောက်ကြပြီး စိတ်ဝင်စားသူ သိန်းချီလာရောက်လေ့ ရှိကြသည်။

ဆောင်းပါးရှင်။  ။ Iron Eagle