မင်းတပ်ရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူများရှိ

ဓါတ်ပုံ - CDF - Mindat (စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုခံရသည့် ဝမ္မသူးတိုက်နယ်ဆေးရုံ)
ဓါတ်ပုံ - CDF - Mindat (စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုခံရသည့် ဝမ္မသူးတိုက်နယ်ဆေးရုံ)
မင်းတပ်ရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူများရှိ
By Tachileik News Agency

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် (၂)ရှိ ဝမ္မသူးပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က ၂၀၀၂၄ ခုနှစ် ဧပြီလ (၂၅)ရက်နေ့ ည (၈)နာရီဝန်းကျင်တွင် လေကြောင်းမှ တိုက်ခိုက်၍ လူနာများအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံမှာ မီးလောင်ပျက်စီးသွားပြီး ဆေးကုသမှုခံယူနေသည့် လူနာများအပါအဝင် အရပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း လေကြောင်းတိုက်ခိုက်မှုများ ရှိနေသေး၍ အသေးစိတ်မထုတ်ပြန်နိုင်သေးကြောင်း ဒေသတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့်  Chin Defence Force – Mindat က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်း ဝမ္မသူးဆေးရုံအပြင် အရပ်သားပြည်သူများရှိသည့် အခြားနေရာများတွင်လည်း လေကြောင်းမှ တိုက်ခိုက်နေကြောင်း သိရသည်။

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းမှ မကြာခဏတိုက်ခိုက်နေသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းရန် အထူးသတိပြုကြရန် CDF - Mindat က ဧပြီလ (၂၁)ရက်နေ့တွင် အများပြည်သူသို့ သတိပေးတိုက်တွန်းချက် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့က  နိုင်ငံ့အာဏာသိမ်းမှုကိုဆန့်ကျင်သည့် လူထုအား အကြမ်းဖက်နှိမ်နှင်းမှုကြောင့် နိုင်ငံတဝန်း ဒေသအသီးသီး၌ တော်လှန်ရေးအင်အားစုများဖြင့် စစ်မျက်နှာရင်ဆိုင်လာရသည့် စစ်ကောင်စီ၏ တပ်ဖွဲ့များသည် မြို့ရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားနေရာများအား တပ်စွဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများအပြင် ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများ အပါအဝင် အရပ်သားနေရာများကိုပါ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။