KNLA တပ်မဟာ (၅) နယ်မြေတွင် (၄)ရက်အတွင်း အာဏာသိမ်းစစ်တပ်နှင့်ပစ်ခတ်မှု အကြိမ် (၃၀)ဖြစ်ပွား

KNLA တပ်မဟာ (၅) နယ်မြေတွင် (၄)ရက်အတွင်း အာဏာသိမ်းစစ်တပ်နှင့်ပစ်ခတ်မှု အကြိမ် (၃၀)ဖြစ်ပွား
သြဂုတ် 21, 2021 | နိုင်ငံရေး
By Tachileik News Agency

KNU/KNLA တပ်မဟာ (၅) နယ်မြေအတွင်း အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုများလာ၍ (၄) ရက်တာအတွင်း ပစ်ခတ်မှုပေါင်းအကြိမ်ရေ (၃၀) ဖြစ်ပွားခဲ့သည့်အပြင် တပ်မဟာ (၁)၊ (၂)နှင့် (၃) နယ်မြေများတွင်လည်း စစ်ရေးလှုပ်ရှားမှုပြုလုပ်လာသည်ကိုတွေ့နေရကြောင်း သိရသည်။

KNU/KNLA တပ်မဟာ (၅) နယ်မြေ မူတြော်ခရိုင်အပြင် ဒူးသထူခရိုင် တပ်မဟာ (၁) ၊ တောင်ငူခရိုင် တပ်မဟာ( ၂) နှင့် ညောင်လေးပင်ခရိုင် တပ်မဟာ (၃) တို့တွင်လည်း အာဏာသိမ်းစစ်တပ်၏ စစ်ရေးလှုပ်ရှားမှု တိုးလာနေသည်ဟု သိရသည်။

KNU/KNLA တပ်မဟာ (၅) နယ်မြေအတွင်း အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတိုးလာ၍ နေ့စဉ်နီးပါး ပစ်ခတ်မှုဖြစ်ပွားနေရာ  ၂၀၂၁ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့ မှ ( ၂၀) ရက်နေ့အထိကာလအတွင်း ပစ်ခတ်မှုပေါင်း အကြိမ်ရေ (၃၀) ဖြစ်ပွားခဲ့ကာ ဩဂုတ်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကာလအတွင်း ပစ်ခတ်မှုပေါင်း အကြိမ်ရေ (၅၆) ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

သြဂုတ်လ (၁) ရက်နေ့ မှ ( ၂၀) ရက်နေ့အထိကာလအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများအတွင်း အာဏာသိမ်းစစ်တပ်မှ (၅၄) သေဆုံးပြီး တပ်ရင်းမှူးတစ်ဦးအပါအဝင် (၁၈) ယောက်ဒဏ်ရာရသည်ဟု KNU ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းစစ်တပ်က မူတြော်ခရိုင်အတွင်း  ပြည်သူလူထု ထွက်ပြေးတိမ်းရှောင်သောနေရာများကို လေယာဥ်ဖြင့် ရှာဖွေထောက်လှမ်းပြီး အရပ်သားများ တိမ်းရှောင်သည့်နေရာနှင့် လုပ်ငန်းခွင်များကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလည်း လုပ်နေသည်ဟု သိရသည်။

ယင်းကဲ့သို့ KNU နယ်မြေအတွင်း အာဏာသိမ်းအဖွဲ့က စစ်မျက်နှာဖွင့်လာခြင်းကို  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့က နယ်မြေကာကွယ်ရေးအတွက် ပြန်လည်ချေမှုန်းနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency