မြိုင်မြို့နယ်ရှိ ပျူစောထီးစခန်းနှင့် စစ်ကောင်စီတပ်များကို နှစ်ရက်အတွင်း လေးကြိမ်တိုက်ခိုက်

မြိုင်မြို့နယ်ရှိ ပျူစောထီးစခန်းနှင့် စစ်ကောင်စီတပ်များကို နှစ်ရက်အတွင်း လေးကြိမ်တိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့နယ်ရှိ ကန်နီရွာပျူစောထီးစခန်းနှင့် ယာဉ်တန်းအတွက် မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ်များက ၂၀၂၃ခုနှစ် ဩဂုတ်လ (၆)ရက်နေ့နှင့် (၇)ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ(၆)ရက်နေ့ ညပိုင်းမှ ဩဂုတ်လ(၇)ရက်နေ့ နံနက်(၁)နာရီအထိ ကန်နီရွာပျူစောထီးစခန်းကို Rocket လက်နက်ကြီးများဖြင့် (၄)နာရီကြာ အလုံးရေ (၁၄၀)ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ(၇)ရက်နေ့ နံနက်ပိုင်းတွင် ကန်နီရွာပျူစောထီးစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်ပူးပေါင်း ပျူစောထီးများအကြား နာရီဝက်ကြာ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းတိုက်ပွဲတွင် ကာကွယ်ရေးတပ်များဘက်က RPGများအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ရာ လင့်စဉ် အနီးရှိ ဘန်ကာများကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု သိရသည်။ 

ထို့အပြင် ယနေ့ နေ့လည်ပိုင်းတွင်လည်း ပခုက္ကူ-ကမ္မ-မင်းတပ် လမ်းပိုင်းတစ်နေရာတွင် ဖြတ်သန်းလာသည့် စစ်ကောင်စီတပ် ယဉ်တန်းများအတွက် မိုင်းရှင်းလင်းရေး လာရောက်စောင့်နေသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို မိုင်း(၄)ကြိမ်ဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရ သည်။

တိုက်ခိုက်မှုများတွင် M.P.L တိုက်နယ် (၄) ပကဖ၊ ဒေါင်းနီ PDF လက်နက်ကြီးတပ်ဖွဲ့၊ သပြေတော ပကဖ၊ ဆင်းရိုင်းရာဇာတပ်ဖွဲ့၊ မြိုင် ပကဖ ရင်း(၃)နဂါးနီတပ်ဖွဲ၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)၊ Pku Special Task Force၊ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ MRGနှင့် မဟာမိတ်ညီနောင်အဖွဲ့များ၊ မြိုင် ပကဖ ရင်း (၁)ခွဲ (၅)စိတ် (၂) (၃)နှင့် Black Cobra Pkuအဖွဲ့တို့ ပါဝင်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂)ရက်နေ့မှ ဩဂုတ်လ (၇)ရက်နေ့ထိ မြိုင်မြို့နယ် သရက်ကွရွာ ပျူစောထီးစခန်းကိုလည်း လက်နက်ကြီးအလုံးရေ (၇၈၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိခိုက်သေဆုံးသူရှိနိုင်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : မြိုင်-ပကဖ