မွန်ပြည်နယ်တွင် စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့အားဖမ်းဆီးသတိပေးကာ လက်နက်များဖြုတ်သိမ်း 

မွန်ပြည်နယ်တွင် စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့အားဖမ်းဆီးသတိပေးကာ လက်နက်များဖြုတ်သိမ်း 

မွန်ပြည်နယ်တွင် စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့အား ဖမ်းဆီးသတိပေးကာ လက်နက်များဖြုတ်သိမ်းခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ ၂၀၂၄ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

မွန်ပြည်နယ်၊ ရေးခရိုင်၊ ခေါဇာမြို့နယ်ခွဲ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန်အတွက် ဒေသခံများ၏ တိုင်ကြားချက်အရ ဧပြီလ ၂၃ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းကာ လက်နက်များ ဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။

ကျုံညှဲကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင် ၅ဦးအား တော်လှန်ရေးမဟာမိတ်တပ်များမှ ခေါ်ယူစစ်ဆေးခဲ့ပြီး၊ ၃ဦးအား ယင်းနေ့ ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့အား တစ်ညထိန်းသိမ်းထားပြီး ဧပြီလ ၂၄ ရက်နေ့ နံနက် ၄:၄၇ မိနစ် အချိန်တွင် သိမ်းဆည်းထားသောလက်နက်များကို လုယူပစ်ခတ်သဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး၊ ၎င်းတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့ထံမှ M4 Carbine ၂လက်၊ ကိုးလုံးပြောင်းချောသေနတ် ၂လက်၊ 380 ပစ္စတို ၂လက် ၊ ကိုးလုံးအတို ၁လက်၊.23 အတို ၁လက်၊ တူမီး ၁လက်၊ လက်ပစ်ဗုံး ၄လုံး ၊ 5.56 ကျည်ဘောက် ၄ခု ၊ 5.56 ကျည် ၃၈၅ တောင့် ၊ ကိုးလုံးကျည် ၄၇ တောင့်၊ 380 ကျည် ၅၀ တောင့်၊ .32 ကျည် ၄၁ တောင့်၊ ဓါးတစ်လက် ၊ စကားပြောစက် ၃လုံး၊ စကားပြောစက် အားသွင်းခုံ ၂ခု၊ Equipment အီကွေးမင်း ၁ခု၊ ရေဗူးတစ်လုံးနှင့် မှန်ပြောင်းတစ်ခု တို့ကို သိမ်းဆည်းရခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ရေးသိမ်းငှက်(ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) - ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) - ဒေါနတပ်ခွဲ(၇) တို့ပါဝင်ကြောင်း သိရသည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF)အနေနှင့် စစ်ကောင်စီနှင့်ပူးပေါင်းထားသည့် မည်သည့်လက်နက်ကိုင် လူပုဂ္ဂိုလ် အဖွဲ့အစည်းများကိုမဆို ရန်သူအဖြစ်သတ်မှတ်ပြီး ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency