မင်းဖူးဆေးရုံကို လေကြောင်းဗုံးကြဲမှု တပ်မတော် ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ဖမ်းဆီးခံထားရသည့် ဒုဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်လင်းထွန်းတို့ပြောဆို

မင်းဖူးဆေးရုံကို လေကြောင်းဗုံးကြဲမှု တပ်မတော် ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ဖမ်းဆီးခံထားရသည့် ဒုဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်လင်းထွန်းတို့ပြောဆို
ဖေဖော်ဝါရီ 29, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ မင်းဖူးဆေးရုံကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှု စစ်ဥပဒေနှင့်မညီဘဲ ဂုဏ်သိက္ခာထိခိုက်ကျဆင်းသည်ဟု AA ထံတွင် ဖမ်းဆီးခံထားရသည့် စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်လင်းထွန်းတို့က ပြောဆိုလိုက်ကြသည်။ 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့က မင်းပြားမြို့နယ်ရှိ စစ်‌သုံ့ပန်းများ၊ မိသားစုဝင်များ ဆေးကုနေသည့် မင်းဖူးဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲဖျက်ဆီးခဲ့ခြင်းနှင့်ပတ်သက်၍ ယင်းသို့ ပြောဆိုလာကြခြင်းဖြစ်သည်။ 

အဆိုပါ ဆေးရုံတွင် စစ်သုံ့ပန်းများဖြစ်သည့် ခလရ (၂၉၉) တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး ဇော်လင်းထွန်းတို့လည်း ဆေးကုသမှုခံယူနေကြသူများဖြစ်သည်ဟု သိရသည်။

"စစ်ရေးပစ်မှတ်မဟုတ်ဘဲနဲ့ အရပ်သားပြည်သူတွေ၊ စစ်သည်တွေ အလင်းဝင် မှီခိုတွေ အဓိကထား ဆေးကုသနေတဲ့ ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေပါတယ်။ ကျွန်တော်သာ ဒီဆေးရုံမှာ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်တဲ့အချိန်အထိ ဆေးဝါးကုသမှု ဆက်လက်ခံယူမယ်ဆိုရင် ကျွန်‌တော့် အသက်လည်း ဒီမှာပါသွားနိုင်ပါတယ်။"ဟု ဒုတိယဗိုလ်မှူးကြီး နေလင်းထွန်းက ပြောသည်။ 

ဆေးရုံအား ဗုံးကြဲတိုက်ခိုက်ခြင်းသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေပြီး အထက်လူကြီးများအနေဖြင့် စစ်ရေးအခြေအနေအရ နယ်မြေများဆုံးရှုံးခဲ့ပြီးမှ ဆုံးရှုံးတဲ့နယ်မြေကို အငြိုးအတေးနှင့် မဆိုင်သည့် အရပ်သားပြည်သူများကို ပစ်ခတ်တိုက်ခိုက်မှုများလုပ်ခြင်းသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး စစ်ဥပဒေနှင့် မညီညွတ်ကြောင်း ၎င်းကဆက်ပြောသည်။

"ဒီလုပ်ရပ်ဟာဆိုလို့ရှိရင် မြန်မာ့တပ်မတော် အကျဉ်းတန်ရုပ်ဆိုးစေတဲ့လုပ်ရပ်ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်မှာ တာဝန်ရှိတဲ့သူတွေကို ပြောလိုတာက ရခိုင်ဒေသမှာ စစ်ရေးမဆိုင်တဲ့ ပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်နေခြင်းက ဥပဒေနဲ့ မညီညွတ်သလို မြန်မာ့တပ်မတော်အတွက် ဂုဏ်သိက္ခာကျဆင်းစေတဲ့လုပ်ရပ်ဖြစ်စေတယ်လို့ ကျနော့်အနေနဲ့ ထင်မြင်ယူဆပါတယ်"ဟု ဗိုလ်မှူးဇော်လင်းထွန်းက ပြောသည်။ 

အဆိုပါဆေးရုံသည် ဖမ်းဆီးထိန်းသိမ်းခံရသည့် စစ်ကောင်စီတပ်သားများ၊ အလင်းဝင်လာသူများ၊ အရပ်သားများကို ဆေးကုသပေးနေသည့် ဆေးရုံဖြစ်ကြောင်း ၎င်းတို့က ဝန်ခံထားကြပြီး ဗုံးကြဲခံရခြင်းကြောင့် ဒေသခံ(၂၀)ဦးဝန်းကျင်ဒဏ်ရာရရှိခဲ့သည်။

ဒုတိယဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဇော်လင်းထွန်းတို့သည် ဇန်နဝါရီလ (၂၈)ရက်နေ့ မင်းပြားမြို့သို့ စစ်ကူလာရောက်ရာက ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။

#TachileikNewsAgency