ရွှေဘိုမြို့နယ် မြင်းချင်းရွာ ပျူစောထီးစခန်းအား သိမ်းပိုက်စဉ် ဖမ်းဆီးရမိပျူစောထီးများအား PDF ထုတ်ပြန်

ရွှေဘိုမြို့နယ် မြင်းချင်းရွာ ပျူစောထီးစခန်းအား သိမ်းပိုက်စဉ် ဖမ်းဆီးရမိပျူစောထီးများအား PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြင်းချင်းရွာ ပျူစောထီးစခန်းအား ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်က တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ရာ ဖမ်းဆီးရမိသည့် ပျူစောထီးနှင့် မိသားစုဝင်(၅၀)ကျော်အပြင် လက်နက်ခဲယမ်းများအား ရွှေဘိုခရိုင် PDFတပ်ဖွဲ့များက သတင်းထုတ်ပြန်လာသည်။

စစ်‌ကောင်စီလက်အောက်ခံရဲများနှင့် ပျူစောထီးများပူးပေါင်းကာ တပ်စွဲထားသော ကင်း (၂)ကင်းနှင့် ဘန်ကာကို တိုက်ပွဲချိန် (၁) နာရီခန့်အကြာတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများ စခန်းချနေထိုင်သော စာသင်ကျောင်းကို နံနက် (၅)နာရီခန့်တွင် အပြီးသတ်သိမ်းယူ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏အလံကို လွှင့်ထူနိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း ဇီးကုန်းရွာ ပျူစောထီးစခန်းမှ (၈၁)မမဖြင့် (၈)ချက်ခန့်နှင့် RPG (၂)ချက် ပစ်ကူပေးခဲ့သည်ဟု သိရသည်။

ကျေးရွာနေပြည်သူများကို ဆက်ကြေးကောက်ခြင်း၊ ပျူစောထီး လက်နက်ကိုင်အဖြစ် အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းများ ပြုလုပ်နေကြောင်း ပြည်သူများ၏တိုင်ကြားချက်အရ ရွှေဘိုခရိုင်တပ်ရင်း (၄)ရင်းပူးပေါင်းကာ တိုက်ခိုက်အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်‌ကောင်စီရဲတပ်သားတစ်ဦး၊ ပျူစောထီးလက်နက်ကိုင် (၂)ဦးတို့ သေဆုံးပြီး တစ်လုံးထိုးဂန်း (၉ လုံးကျည်သုံး) (၅)လက်၊ ကာဘိုင်တစ်လက် စုစုပေါင်း လက်နက်ငယ် (၆)လက်သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်သုံ့ပန်းအဖြစ် ပျူစောထီး အမျိုးသား(၂၉)ဦးနှင့် အမျိုးသမီး(၃၁)ဦးတို့ကို စစ်သုံ့ပန်းမူဝါဒနဲ့အညီ ထိန်းသိမ်းထားပြီး အတင်းအဓမ္မ ပျူစောထီးအဖြစ် စုဆောင်းခံရသူများနှင့် သာမန်အရပ်သားများကို စနစ်တကျစီစစ်ခွဲခြား၍ ကောင်းမွန်စွာ ထိန်း သိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။

တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်(၂၆)တပ်ရင်း (MDF - Shwebo)၊ ရွှေဘိုခရိုင်အမှတ် (၁၅)တပ်ရင်း၊ ရွှေဘိုခရိုင်အမှတ် (၁၇)တပ်ရင်းနှင့် ရွှေဘိုခရိုင် အမှတ် (၁၈)တပ်ရင်းတို့မှ ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နယ်မြေခံ ပကဖများမှ စစ်ကောင်စီထောက်ပို့လမ်းကြောင်းအား ပိတ်ဆို့ဖြတ်တောက်ရေးတာဝန်ယူကာ ပူးပေါင်းပါဝင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ရွှေဘိုခရိုင် PDF