KNU တပ်မဟာ ၅ နယ်မြေတွင် တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံး

KNU တပ်မဟာ ၅ နယ်မြေတွင် တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံး
အောက်တိုဘာ 3, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ တပ်မဟာ(၅)ဒေသတွင် စစ်ကောင်စီတပ်နှင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း တိုက်ပွဲ (၈၄)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၅)ဦး သေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅)က ယနေ့ အောက်တိုဘာလ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ ပူးပေါင်း BGF တပ်များနှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က (၃၉)ဦးသေဆုံးကာ စစ်အုပ်စု၏ အဆောက်အအုံတစ်လုံးအား ဖျက်ဆီးနိုင်ခဲ့ပြီး KNLA တပ်မဟာ(၅)မှ ရဲဘော်(၅)ဦး ကျဆုံးခဲ့ရပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယင်းကလအတွင်း လေကြောင်းတိုက်ခိုက်မှု (၁၅)ကြိမ်ပြုလုပ်ခဲ့ရာ ပေါင် (၅၀၀)ဗုံး (၂၃)လုံးနှင့် စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ကြီးအလုံး(၂၀) ပစ်ခတ်ခဲ့ခြင်းကြောင့် ဖာပွန်မြို့နယ် သွာခိုလော်ရွာဒေသခံ အဖွားအိုတစ်ဦး ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကိုခံခဲ့ရသည့် ကျေးရွာ(၆)ရွာမှာ လူသောမြို့နယ်အတွင်းရှိ ကော်ရိုဘောထာရွာ၊ သေသူးခီးရွာ၊ ဒေဘိုးနိုဒေသ၊ တာခဲဒဲဒေသ၊ ဂယ်ယူဒဲဒေသနှင့် ဒွယ်လိုးမြို့နယ် ထီးကော်ထောရွာတို့ဖြစ်ကြောင်း သိရသည်။

ယင်းကျေးရွာများကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ထီးကော်ထာရွာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၃)ဦးနှင့် ကျောင်းကော်မတီဝင်တစ်ဦးတို့ သေဆုံးခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူအပါအဝင် ဆရာ၊ ဆရာမ(၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘာသာရေးအဆောက်အဦး(၂)လုံး၊ စာသင်ဆောင်(၁)လုံးနှင့် လူနေအိမ်(၁၂)လုံးထိမှန်ပျက်စီး ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency