မန္တလေးတိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ပျူစောထီးများကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦးသေဆုံး

မန္တလေးတိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ပျူစောထီးများကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဆင်ချောင်း၊ ညောင်ဒို၊ ရန္တပိုနှင့် ကိုင်းရွာတို့ကို ဆက်တိုက်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှ င့်ပျူစောထီးများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦး သေဆုံးပြီး (၃၀)ခန့် ဒဏ်ရာရရှိကြောင်း Myingyan Black Tiger(MBT)အဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းအင်အား (၈၀)ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ကိုင်းရွာကို မီးရှို့ခဲ့ပြီးနောက် ဧပြီလ ၂၂ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် ဂင့်ဂဲရွာ အရှေ့ဖက်ရှိ သိမ်ဒိုင်ရွာနှင့် ရွာသစ်ရွာဆီသို့ ရောက်ရှိလာချိန်တွင် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲကြာမြင့်ချိန် ၂နာရီခန့်ရှိခဲ့ပြီး စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့များ ဖရိုဖရဲ ဆုတ်ခွာသွားခဲ့ကာ စစ်ကောင်စီစစ်ကြောင်းထဲမှ တစ်ဖွဲ့သည် မရိုးကုန်းရွာအနောက်ဖက် ကိုင်းတောထဲတွင် ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ နောက်တစ်ကြိမ် သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ အဆိုပါတပ်ဖွဲ့သည် ဇလပ်ကုန်းရွာဖက်သို့ ဆုတ်ခွာထွတ်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီစစ်ကြောင်းအား အောင်မြင်စွာတိုက်ခိုက်၍ ပြန်လာသည့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းအား ကျေးရွာ(၅)ရွာရှိ စစ်ဘေးရှောင် ပြည်သူများမှ သောင်းသောင်းဖြဖြ ကြိုခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုကို Myingyan Black Tiger(MBT)၊ ငါးဇွန်မြို့နယ် တပ်ရင်း (၆) တပ်ခွဲ (၁)၊ နောင်ရိုးပြောက်ကျားတပ်ဖွဲ့နှင့် မြွေပွေးပြောက်ကျားတပ်ဖွဲ့ (LPDF)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Myingyan Black Tiger(MBT)အနေဖြင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လိုသည့် မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency