အုတ်ဖိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ ခဲယမ်းနှင့် စစ်သုံးပစ္စည်းတချို့ PDFတပ်က သိမ်းဆည်းရရှိ

အုတ်ဖိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ ခဲယမ်းနှင့် စစ်သုံးပစ္စည်းတချို့ PDFတပ်က သိမ်းဆည်းရရှိ
ဇန်နဝါရီ 17, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ ခဲယမ်းနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)ထံမှ သိရသည်။

ဝိုင်းကျေးရွာ ရဲစခန်းမှ စစ်ကောင်စီတပ်အင်အား (၅၀)ဝန်းကျင်သည် ဂမုန်းဆည်ပေါ်၌ လာရောက်တပ်ဆွဲနေရာ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ ကျားကြီးစစ်ကြောင်းမှ သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

သွားရောက်တိုက်ခိုက်မှုအတွင်း (၄၅)မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တာဝါတိုင်ကုန်းအနီး လယ်ကွင်းမှ မိုင်းတွင်းသို့ စစ်ကောင်စီတပ်များကို မျှားခေါ်၍ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်အပြင် (၄၀)မမ၊ လက်နက်ငယ်များဖြင့်လည်း ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များအား ဇီးခင်း၊ ငှက်ပျောတော၊ ဝိုင်းရဲစခန်းအထိ လိုက်လံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ ကျည်ဘောက်(၂)ခု၊ ကျည်ဆန်(၄၀)တောင့်၊ လေးခွ(၁)ခုနှင့် စစ်အသုံးအဆောင်တချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)