ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီ လက်နက်ကြီးနှင့်ထပ်မံပစ်ခတ်၍  ရပ်သား (၁)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာ ရ 

ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီ လက်နက်ကြီးနှင့်ထပ်မံပစ်ခတ်၍  ရပ်သား (၁)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာ ရ 

 ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က  ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့၏ နေ့လည်ပိုင်းတွင် လက်နက်ကြီးနှင့် ထပ်မံပစ်ခတ်ခြင်းကြောင့် ဒေသခံအရပ်သားတစ်ဦးသေဆုံးပြီး ကလေးတစ်ဦးအပါ (၃)ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

အမှတ်(၅၄၀)ခြေမြန်တပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်သို့  ကျရောက်ပေါက်ကွဲမှုကြောင့်  ဒေသခံများဖြစ်သည့်  အသက်(၄၀)အရွယ် ဦးမောင်မောင်သိန်း သေဆုံးသွားပြီး အသက်(၄၃)နှစ်အရွယ် ဦးထွန်းဖြူသာ နှင့် အသက်(၁၈)နှစ်အရွယ် မခိုင်စောဝင်း အပါအဝင် အသက်(၁၁)နှစ်အရွယ် ကလေး မမြတ်မြတ်သွယ်တို့မှာ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။ 

ထို့အပြင် ဦးထွန်းကျော်စိန် ပိုင်ဆိုင်သည့် နွား(၄)ကောင်လည်း လက်နက်ကြီးကျည်ကြောင့် ထိမှန်သေဆုံးသွားသည်ဟု သိရသည်။

 နံနက်ပိုင်းကလည်း မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ် ခမရ(၅၄၀)နှင့် ခမရ(၃၇၇)တပ်တို့က ပစ်ခတ်သည့် လက်နက်ကြီးများ နေအိမ်များနှင့် မြောက်ဦးယဉ်ကျေးမှုပြတိုက်အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးခဲ့ရသည်။ 

အဆိုပါ စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ (၂၄)ရက်နေ့ကလည်း မြောက်ဦးမြို့နှင့် အနီးအနားရှိ ကျေးရွာများအား လက်နက်ကြီးဖြင့် အကြိမ်(၁၀၀)ကျော် ပစ်ခတ်ခဲ့ရာ ဆင်ချဆိပ်ရပ်ကွက်တွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး သေ ဆုံးသွားကာ အသက် (၁၄)နှစ်အရွယ် ကလေးတစ်ဦး အပါအ ဝင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ရွာဟောင်းတောကျေးရွာအတွင်းကိုလည်း လက်နက် ကြီး(၂)လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက်(၄၀)အရွယ် ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ခမရ (၅၄၀)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်အတွင်းသို့ ကျရောက်ပြီး ဒေသ ခံလင်မယား (၂)ဦး သေဆုံးသွားခဲ့ပြီး အသက်(၅)နှစ်အရွယ် သမီးဖြစ်သူတွင် ဘယ်လက် ပြတ်ထွက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။