ရွှေဘိုမြို့မှ ချီပါရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်

ရွှေဘိုမြို့မှ ချီပါရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့မှ ချီပါရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား PDF ပူးပေါင်းတပ်ဖွဲ့များမှ

ဟန့်တားတိုက်ခိုက်နိုင်ခဲ့ကြောင်း  ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ဧပြီလ (၁၈) ရက်နေ့တွင် ရွှေဘိုမြို့မှ ထွက်လာသည့် အင်အား ၅၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ချီပါရွာတံတားထိပ်တွင် အိမ်စီးကားနှစ်စီး ၁၂ ဘီးကား တစ်စီးတို့ဖြင့် အင်အား ၁၀၀ ခန့် ထပ်မံဖြည့်ကာ စစ်ကြောင်းထိုးလာစဥ် လမ်းတွင် PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ၁၂ ‌နာရီ မိနစ် ၂၀ ခန့်မှစ၍ စက်ကြီး၊စက်လေးတို့ဖြင့် အသင့်‌စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သော်လည်း အနည်းဆုံးအနေဖြင့် စစ်ကောင်စီစစ်ကြောင်းကို ဟန့်တားမှုတစ်ခု ပြုလုပ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ငါးကြင်းမှီး၊ စက်ကလေးနှင့် လက်နက်ကြီးတို့ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ကျဆုံးခြင်းမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို၊  Project Flight (Fight for Democracy)ဒရုန်းတပ်ဖွဲ့ ၊‌ ရွှေဘိုအားမာန် မြို့ပြပျောက်ကျား၊ သိင်္ခအားမာန်၊ မဟူရာရွှေဘိုသား (LPDF)၊ Yaung Ni-SHWEBO ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Flying Dragon Force၊‌ ရွှေဘို စွန်ရဲ၊ ဗိုလ်မဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Team6 Drop For Justice-DFJ၊ မတစ်ထောင် (တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့တို့မှလည်း ဝေဟင်မှ Fixed Wings Droneများဖြင့်  စစ်ကူပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အများပြည်သူများအား ဒုက္ခပေးနေသည့် စစ်တပ်၊ ရဲ၊ ပျူစောထီးနှင့် စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency