ခလရ ၂၇၅မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုအတွင်း တပ်မ(၄၄)မှ ဗိုလ်မှူးကြီး စိုးမင်းထက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်ဖွဲ့ဝင် (၃၀)ကျော် သေဆုံး

ခလရ ၂၇၅မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုအတွင်း တပ်မ(၄၄)မှ ဗိုလ်မှူးကြီး စိုးမင်းထက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်ဖွဲ့ဝင် (၃၀)ကျော် သေဆုံး

စခန်းအားစွန့်ခွာ၍ မြဝတီ ထိုင်း−မြန်မာချစ်ကြည်ရေး တံတား အမှတ် (၂) အောက်သို့ ထွက်ပြေးတိမ်းရှောင်နေသော ခလရ-၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)မှ ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၃၀)ဦးအထက် သေဆုံးခဲ့ပြီး တပ်မ(၄၄)မှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် (၃၀) နှင့်အထက် ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုမှ ၂၀၂၄ခုနှစ် ဧပြီလ (၂၃) ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်မှ ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့အား ပြန်လည်ရရှိရန် အောင်ဇေယျ အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အား ဖော်ဆောင်၍ လူအင်အား၊ လက်နက်အင်အား အပြည့်အစုံဖြင့် ထိုးစစ်ဆင် ချီတက်လျှက်ရှိနေပြီး လက်နက်ကြီးပစ်ကူဖြင့်သော်လည်းကောင်း၊ လေယာဉ်ပစ်ကူဖြင့်သော်လည်းကောင်း နေ့ညမပြတ် လိုက်လံဗုံးကြဲပစ်ခတ်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်အတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်စခန်းများအား အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ရန် KNUဘက်မှ ကြိုးစားလျှက်ရှိပြီး နေရာအနှံ့ နေ့စဉ်နှင့်အမျှ နှစ်ဖက်ထိတွေ့ရင်ဆိုင်တိုက်ပွဲများရှိနေပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အမြောက်အမြားရှိခဲ့ကာ မြောက်များစွာသော လက်နက်ခဲယမ်းများနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများစွာတို့ကို သိမ်းဆည်းရမိထားကြောင်း သိရသည်။

ဧပြီလ ၂၁ နေ့တွင်လည်း ကော့ကရိတ်မှ မြဝတီမြို့သို့ စစ်ကူအဖြစ် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး (၁)ဦးနှင့် ဗိုလ်လေး (၁)ဦးအပါအဝင် စုစုပေါင်း (၆)ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဉ် (၁)စီး၊ စက်သေနတ်တပ်ဆင်ထားသော စစ်သုံးယာဉ် (၂)စီး၊ ပွိုင့်ဖွိုက် (၁)လက် အပါအဝင် လက်နက်ငယ် (၁၁)လက်နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency