ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး

ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနှင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း KNUထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့က လမ်းလာပိတ်သည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ရာ အနီးရှိကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး မန်းမြင့်ကျော်(၅၀)နှစ်မှာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် နေအိမ်(၂)လုံးပေါ်သို့ (၁၂၀)မမ လက်နက်ကြီးကျရောက်ပျက်စီးခဲ့ပြီး ဆိုင်ခန်းတစ်ခုအတွင်းသို့ (၆၀)မမလက်နက်ကြီး ကျရောက်ကာ ပျက်စီးခဲ့ရကြောင်း သိရသည်။ 

ဩဂုတ်လ (၁၈)ရက်နေ့က တောင်ကြာအင်းစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ခမရ (၅၄၆)ကို KNDOနှင့် ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်ဗုံးကြဲခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အောင်ကောင်းမာန် ထိမှန်သေဆုံးခဲ့သဖြင့် ၎င်း၏နေရာတွင် ဗိုလ်ကြီး ကောင်းမြတ်စံအား သြဂုတ်လ (၁၉)ရက်နေ့တွင် အစားထိုးလိုက်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်မှ (၁၂၀)မမ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကျုံဒိုးမြို့နယ် တောင်တလာကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး နွား(၄)ကောင် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ထို့နောက် သြဂုတ်လ(၁၉)ရက်နေ့တွင် ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းတံတားထိပ်လမ်းအား လာရောက်လမ်းပိတ်ရန် တူးဆွနေသည့် စစ်ကောင်စီတပ်ဖွဲ့အား KNDOနှင့် ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ခလရ(၂၀၈)မှ အရာရှိတစ်ဦးနှင့် တပ်ကြပ်တစ်ဦး သေသည်ဟု KNUက ယနေ့ ဩဂုတ်လ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo :Dooplaya District