KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လွတ်လာ

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လွတ်လာ

မတရားဖမ်းဆီးခံထားရသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်သည် ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၁၇)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံသို့ ဆေးကုသရန်သွားစဉ် စစ်ကောင်စီက မန္တလေးလေဆိပ်၌ ဖမ်းဆီးခဲ့ပြီးနောက် ယနေ့တွင် မြစ်ကြီးနားအကျဥ်းထောင်မှ ပြန်လွတ်လာခြင်းဖြစ်သည်။

၎င်းအား စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ (၅၂)တို့ဖြင့် မတရား ထောင်ဒဏ် (၆)နှစ် ချမှတ်ခံခဲ့ရသည်။

စစ်ကောင်စီသည် ယနေ့တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ (၃၃၀၃)ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုကြောင်း ထုတ်ပြန်သည်။  

အဆိုပါပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူများအား နောက်ထပ်တစ်ကြိမ် ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟု ဆိုသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူ (၃၃၀၃)ဦးအနက် နိုင်ငံရေးအကျဥ်းသား မည်မျှပါသည်ကိုမူ မသိရသေးပါ။

ထို့အပြင် စစ်ကောင်စီသည် နိုင်ငံအတွင်းအကျဉ်းကျခံနေသော အင်ဒိုနီးရှားနိုင်ငံသား(၁၃)ဦးနှင့် သီရိလင်္ကာနိုင်ငံသား(၁၅)ဦး 

စုစုပေါင်း နိုင်ငံခြားသား (၂၈)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းကာ ဖမ်းဆီးထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ငူထောင်တွင် ဖမ်းဆီးထားသည့် သမ္မတ ဦးဝင်းမြင့်တို့ကို နေရာပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

၎င်းတို့ကို မည်သည့်နေရာသို့ပြောင်းရွေ့ကြောင်းကိုမူ စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။

#TachileikNewsAgency