ရခိုင်ဒေသတစ်ခုလုံးလွတ်မြောက်ရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု AA ဆို

ရခိုင်ဒေသတစ်ခုလုံးလွတ်မြောက်ရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု AA ဆို

ရခိုင်ဒေသတစ်ခုလုံးလွတ်မြောက်ရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၄)ရက်နေ့ တွင်ပြုလုပ်သည့် AA သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

တပြိုင်တည်း အဖိနှိပ်ခံမြန်မာပြည်သူများတွက် လုပ်နိုင်သည်များကို အကောင်းဆုံးလုပ်ဆောင်သွားမည်ဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ရခိုင်ကံကြမ္မာကို ရခိုင်ဖန်တီးနိုင်သည့် ကိုယ်တိုင်လက်နှင့် တည်ဆောက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ရခိုင်ဒေသက တရုတ်ပြည်နဲ့ အင်မတန်ဝေးပါတယ်။ ဆိုတော့ မြန်မာနိုင်ငံရေးကိစ္စမှာ တချို့နိုင်ငံတွေက ဝင်ရောက်ကူညီဆောင်ရွက်ပေးတာကို ကျွန်တော်တို့အနေနဲ့ လေးစားစွာ အသိအမှတ်ပြုပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်ရဲ့ အတွင်းရေးကိစ္စနဲ့ လုပ်စရာရှိတာတွေကို ဆက်လက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”ဟု ခိုင်သုခကပြောသည်။ 

ရခိုင်ဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရေးကို စစ်ရေးရည်မှန်းချက်အဖြစ်ချထား၍ တိုက်ပွဲဝင်နေခြင်းဖြစ်ပြီး ယခုအချိန်သည် ဆွေးနွေးရန်ဆိုသည်ထက် စစ်တိုက်ရန်အချိန်ဟုပြောပါက ပိုမှန်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးတိုက်ပွဲတွင် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီကို တိုက်ခိုက်နေသည့် အဖွဲ့အစည်းအားလုံးကို ရက္ခိုင့်တပ်တော်က မိတ်ဆွေအဖြစ်သဘောထားပြီး တတ်နိုင်သည်ကိုလည်း ကူညီပေးနေခြင်းများရှိနေသည်ဟု ဆိုသည်။

“စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ ဘယ်အင်အားစုနဲ့မဆို ကျွန်တော်တို့ တူတာကို တွဲလုပ်၊ မတူတာကို ခွဲလုပ်ဆိုတဲ့ မူဝါဒအရ ကျွန်တော်တို့က ဆက်လုပ်ဖို့ရှိပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း (၂၁၅)ခုနှင့် မြို့(၆)မြို့ကို ရက္ခိုင့်တပ်တော်က အလုံးစုံ သိမ်းပိုက်ထားပြီဖြစ်ကာ နောက်ထပ်မြို့နယ်အများစုတွင် တိုက်ပွဲဆက်ဖြစ်နေသည်ဟု သိရသည်။

#TachileikNewsAgency