မတရားဖမ်းဆီးခံထားရသည့် သတင်းသမားဟောင်းတစ်ဦးအပါအဝင် ၉ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်အလောင်းဖျောက်ခဲ့

မတရားဖမ်းဆီးခံထားရသည့် သတင်းသမားဟောင်းတစ်ဦးအပါအဝင် ၉ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်အလောင်းဖျောက်ခဲ့
ဖေဖော်ဝါရီ 12, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၈) တပ်ရင်းမှ စစ်ကောင်စီတပ်သည် မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ထားသော မြောက်ဦးမြို့နယ်မှ သတင်းထောက်‌ဟောင်းတစ်ဦးအပါ (၉)ဦးကို ပစ်သတ်ကာ ဗုံးခိုကျင်းအတွင်း မြေမြှုပ်ထားခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

မတရားဖမ်းဆီးထားသည့် ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်နှင့် ကိုပြည့်စုံဝင်းတို့ (၇)ဦးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့၊ နေ့လယ်ပိုင်းတွင် မြောက်ဦးအခြေစိုက်၊ ခမရ (၃၇၈)တပ်ရင်း အချုပ်ခန်းထဲ၌  သေနတ်ဖြင့် ပစ်သတ်ခဲ့ကြပြီး ရုပ်အလောင်းများအား မြောက်ဦးမြို့ဆေးရုံအနီးရှိ ဗုံးခိုကျင်းထဲ၌မြှုပ်ကာ အလောင်းဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မင်းပြားအခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၇၉)တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည်လည်း လုပ်ကြံစွပ်စွဲချက်မျိုးစုံဖြင့် ပုဒ်မအမျိုးမျိုးတပ်ကာ ၎င်းတို့ မတရားဖမ်းဆီးချုပ်နှောင်ထားသော ရသေ့တောင်မြို့နယ်မှ ကိုညီညီအောင် (ခ) အောင်ဇော်ဝင်းနှင့် မင်းပြားမြို့နယ်မှ ဦးကျော်ညွန့်တို့ (၂)ဦးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့၊  ညနေပိုင်းတွင် ခမရ (၃၇၉)အချုပ်ခန်းထဲ၌ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်ဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးသတ်ဖြတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်သော အလားတူ လုပ်ရပ်ပေါင်းမြောက်မြားစွာကို ရခိုင်နှင့် ပလက်ဝဒေသတွင်သာမက မြန်မာနိုင်ငံအနှံ့၌ စစ်ကောင်စီက ဗြောင်ကျကျ ဆက်တိုက် ကျူးလွန်နေခြင်းဖြစ်သည်ဟု သိရသည်။

အာရက္ခပြည်သူ့အစိုးရအနေဖြင့် အဆိုပါစစ်ရာဇဝတ်မှုကျူးလွန်သူများအား ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့်အညီ ပြစ်ဒဏ်ပေးသွားမည်ဖြစ်ပြီး ကျူးလွန်ခံရသော ကာယကံရှင်နှင့် မိသားစုများအတွက် တရားမျှတမှုရရှိအောင် ထိရောက်ပြတ်သားစွာ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

NUG/CRPHတို့နှင့် ဆက်စပ်၍ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့တွင် ကိုကျော်ဇံဝေ(ခ)ရင်ဆို့အား နေအိမ်သို့ဝင်ရောက်ကာ ဖမ်းဆီးခဲ့သည်။

ကိုဖိုးသီဟသည် ယခင်က DVB နှင့် 7Day၊ The Voice သတင်းဌာနတို့တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီးနောက် သတင်းထောက်အလုပ်ကို ရပ်နားထားသူဖြစ်ကာ ၎င်းအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့တွင် နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခဲ့ပြီး ပုဒ်မ-၅၀၅(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

#TachileikNewsAgency