ဝက်လက်မြို့တွင် စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ကာ အမျိုးသား ၃ ဦးကိုသတ်သွား

ဝက်လက်မြို့တွင် စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ကာ အမျိုးသား ၃ ဦးကိုသတ်သွား

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၆)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သား အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သတ်ပြီး အမျိုးသား(၃)ဦးကိုလည်း သတ်သွားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်ဘက်မှ နေအိမ်များနှင့် အရပ်သားများကို မီးရှို့သတ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် ဝက်လက်မြို့နယ် အနောက်ခြမ်းဘက်သို့ ရောက်ရှိလာပြီးနောက် အသက်(၂၀)အရွယ် အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်သတ်ပြီး အမျိုးသား(၃)ဦးကိုလည်း ဓားဖြင့်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဩဂုတ်လ (၂၅)ရက်နေ့က စစ်ကိုင်းမြို့နယ် ဆားတောင်ကျေးရွာမြောက်ဘက် သိမ်ကျောင်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့သည် ဝက်လက်မြို့နယ် အနောက်ခြမ်း မင်္ဂလာရေစင်ရွာသို့ ရောက်ရှိလာပြီး ရွာသာကြီးရွာ၌ တပ်စွဲညအိပ်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ (၂၆)ရက်နေ့တွင် ရွာသာကြီးရွာမှ မြောက်ဘက်သို့ ထွက်လာပြီး ‌ကျီးကန်‌မြောက်ရွာကို ဝင်ရောက်ကာ အရပ်သားများထံမှ ငွေကျပ်သိန်း(၅၀၀)ကျော်၊ ဆွဲကြိုးတစ်ကုံးနှင့် ဖုန်းအလုံး(၂၀)ထက်မနည်းကို ယူဆောင်သွားသည်ဟု သိရသည်။

ထို့နောက် အရပ်သားအမျိုးသမီးတစ်ဦးနှင့် အသက်(၅၀)ကျော် အမျိုးသား(၃)ဦးကို ဖမ်းဆီးသွားပြီးနောက် ကျီးကန်မြောက်ရွာနှင့် လှတောရွာကြား သက်ရက်ခြံ၌ အမျိုးသမီးအား မုဒိမ်းကျင့်၍ ဓားဖြင့်သတ်ကာ အမျိုးသား (၃)ဦးကိုလည်း ဓားဖြင့်သတ်ခဲ့ကြောင်း Wetlet Informational Networkထံမှ သိရသည်။

၎င်းစစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ ဩဂုတ်လ (၂၇)ရက်နေ့တွင် လှတောရွာ အရှေ့ဘက်သို့ ထွက်လာပြီ ပင်းဇင်းရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကာ ဝက်လက်မြို့ အတွင်းသို့ ဝင်သွားသည်ဟု သိရသည်။

#TachileikNewsAgency