ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာရဲစခန်းမှ စစ်ကောင်စီ တပ် ဗိုလ်ကြီးတစ်ဦးအပါ ၂၃ ဦး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချ

ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာရဲစခန်းမှ စစ်ကောင်စီ တပ် ဗိုလ်ကြီးတစ်ဦးအပါ ၂၃ ဦး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချ
By Tachileik News Agency

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၃)ဦး လက်နက်ချသည်ဟု သိရသည်။

အဆိုပါစခန်းအား တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး(၂)ဦးသေဆုံးကာ  ဗိုလ်ကြီးတစ်ဦးအပါအဝင် (၂၃)ဦး လက်နက်ချခဲ့သည်ဟု တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။

“စစ်ကောင်စီတပ်သား (၂၃)ဦးလက်နက်ချတာ။ တပ်နဲ့ရဲနဲ့ပေါင်းထားတဲ့စခန်းပေါ့။ မိသားစုတွေလည်း ဖမ်းမိ တယ်။ အမျိုးသမီးက(၇)ယောက်၊ ကလေးက(၁၁)ယောက်လောက်ပါတယ်။ သူတို့ကို သက်ဆိုင်ရာ ဌာနကို လွှဲပေးသွားမှာပါ။ အခုတော့ လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်။ ဖမ်းမိတဲ့အထဲမှာ ခမရ(၂၁၀)က ဗိုလ်ကြီးတစ်ဦးပါတယ်။”ဟု Mon Liberation Army - မွန်ပြည်လွတ်မြောက်ရေးတပ်တော်မှ အတွင်းရေးမှူး နိုင်မာဃက Tachileik News Agency ကိုပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု (၈)ကြိမ် ပြုလုပ်ခဲ့သည့်အပြင် ဂျိုင်းမြစ်အတွင်းရှိ ကောလမုကျွန်းတွင်အခြေစိုက်ထားသော စစ်သင်္ဘောမှလည်း အကြိမ်(၃၀)ထက်မနည်း လက်နက်ကြီးပစ်ကူခဲ့သည်ဟု သိရသည်။

“ပူးပေါင်းတပ်ဖွဲ့တွေ ဝင်သိမ်းတာ။ အနည်းဆုံး သေနတ်(၂၀)နီးပါးလောက် သိမ်းဆည်းရရှိခဲ့တယ်။ ဒီစခန်းက ရွာ သားတွေကို ဖမ်းဆီး၊ ပိုက်ဆံနဲ့ရွေးခိုင်းတာတွေလုပ်တဲ့စခန်း။”ဟု  Mon Liberation Army - မွန်ပြည်လွတ်မြောက်ရေးတပ်တော်မှ အတွင်းရေးမှူး နိုင်မာဃက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မွန်ပြည်သစ်ပါတီ AD ၊ Mon Liberation Army - မွန်ပြည် လွတ်မြောက်ရေး တပ်တော်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ (KNLA)တပ်ဖွဲ့ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ(၃) ပျံလွှားတပ်ဖွဲ့၊ Lion Battalion၊ KNDO တပ်ရင်း(၆)ဒရုန်းတပ်ဖွဲ့၊ G 2 ဒရုန်းတပ်ဖွဲ့၊ G 3 Fix Wing၊ Saw Dragon ဒရုန်းတပ်ဖွဲ့၊ အယ်ဖာဘတ် Fix Wing ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစခန်းကို ယမန်နှစ်ကလည်း တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်ဝင်ရောက်နေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency