ရေးမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာရ

ရေးမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာရ
အောက်တိုဘာ 21, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ရေးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်သည့် ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့က စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ABSDF တပ်ရင်း(၁)တို့ ပူးပေါင်းကာ စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲ(၂)ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဒေါနစစ်ကြောင်းထံမှ သိရသည်။

ပထမအကြိမ် တိုက်ပွဲမှာ ရေးတံတားရှိ စစ်ကာင်စီတပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက (၁)နာရီကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေပြီး တော်လှန်ရေး တပ်များဘက်က (၁၂)ဦး ဒဏ်ရာရကာ (၂)ဦး စိုးရိမ်ရသည်ဟု သိရသည်။

"ပထမတစ်ကြိမ်က အင်အား (၃၀)ကျော်ရှိတဲ့ ရေးတံတားကြီးမှာဖြစ်တာ။ ဖြစ်ချိန်က မနက်(၆)နာရီ ၄၅ လောက်ကနေ (၇)နာရီ ၄၅ လောက်အထိ တစ်နာရီနီးပါကြာမြင့်တယ်။ ရန်သူဘက်ကနေ အမြောက်တပ် အမတ(၃၁၆)နဲ့ ခလရ(၆၁)ကနေ လက်နက်ကြီး အကြိမ်ရေ (၇၀)လောက်နဲ့  ပစ်ကူပေးတယ်။ အဲဒီတိုက်ပွဲမှာတော့ ခန့်မှန်းသေဆုံး (၇)ဦးလောက်ရှိမယ်။ မိမိတို့ဘက်ကနေ လက်နက်ငယ်၊ စနိုက်ပါ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။"ဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်အများအပြားကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲဖြစ်နေစဉ် ရေးတံတားဂိတ်သို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်သား အင်အား (၁၀၀)ဝန်းကျင်ကိုလည်း သွားရောက်တိုက်ခိုက်နိုင်ခဲ့သည်ဟုဆိုသည်။

၎င်းစစ်ကောင်စီတပ်ကို Sniper၊ လက်နက်ကြီး၊ ချေမှုန်းတပ်ဖွဲ့များဖြင့် ချည်းကပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး(၆၀ မမ၊ ၈၁ မမ ၊၄၀ မမ)၊ စက်လက်(၃)လက်တို့ဖြင့် ပြန်လည်ပစ်ခတ်ရာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ဝမ်းဗိုက်လက်နက်ကြီးစထိမှန်ကာ မစိုးရိမ်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့နောက် တော်လှန်ရေးတပ်များသည် ပြန်လည်ဆုတ်ခွာလာပြီး ဒဏ်ရာရရှိသူများအား ဆေးခန်းသို့ ပြန်လည်ပို့ဆောင်စဉ် ကျုံလောင်းရွာနှင့် ဝဲပေါင်ကျေးရွာကြား ကားလမ်းဘေး ရာဘာခြံအတွင်း၌ ကင်းပုန်းစောင့်ဆိုင်း ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရသည်ဟု သိရသည်။

တော်လှန်ရေးတပ်များ လူနာသယ်ဆောင်လာ‌သော ကားနှင့် ဆိုင်ကယ်တစ်စီးအား စစ်ကောင်စီတပ်ဘက်က ခြုံခိုတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ (၁၁)ဦးရှိပြီး (၂)ဦးမှာ စိုးရိမ်ရသည်ဟု သိရသည်။

"ဒုတိယအကြိမ်က တံတားကြီးတိုက်ပွဲပြီးတော့ ပြန်လာစဥ်မှာ ကျုံလောင်းရွာဟောင်းအနီးမှာ အင်အား(၅၀)ခန့်နဲ့ ထပ်မံထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီတော့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအပါ အကုန်နီးပါသေဆုံးတယ်။"ဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါတိုက်ပွဲမှာ မိနစ်(၃၀)ကြာတွင် ဖြစ်ပွားခဲ့ပြီး ကင်းပုန်းနေရာအား သိမ်းဆည်းရမိသောလက်နက်များဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : Dawna Column-တောင်ပိုင်းစစ်ဒေသ